ပြည်သူ့ဆေးရုံများ အားလုံးတွင် အခမဲ့ရနိုင်သည့် ဆေးဝါးစာရင်းကို အများမြင်သာရန် ချိတ်ဆွဲထားရမည်

ပြည်သူ့ဆေးရုံများ အားလုံးတွင် အခမဲ့ရနိုင်သည့် ဆေးဝါးစာရင်းကို အများမြင်သာရန် ချိတ်ဆွဲထားရမည်
မေ 25, 2020
By Tachileik News Agency
ပြည်သူ့ဆေးရုံများ အားလုံးတွင် အခမဲ့ရနိုင်သည့် ဆေးဝါးစာရင်းကို အများမြင်သာရန် ချိတ်ဆွဲထားရမည်

ပြည်သူ့ဆေးရုံများတွင် နိုင်ငံတော်မှ အခမဲ့ပေးသည့်ဆေးများစာရင်းကို အများမြင်သာသည့် နေရာတွင် ဖေါ်ပြထားခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်လအတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လွှတ်တော်တွင် ဖြေကြားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ဖြစ်သည့် ၂၀၂၀ ခုနှစ်၊  မေလ (၁၈)ရက်နေ့တွင် မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင်က  ပြည်သူ့ဆေးရုံများတွင်  ပြည်သူများလာရောက် ဆေးကုသမှုခံယူသောအခါ၌  ပြည်သူများအတွက် အခမဲ့ကုသခွင့်ပေးသည့်  ဆေးနှင့် ဆေးပစ္စည်းများ ရှိ၊ မရှိနှင့် အခမဲ့အသုံးပြုခွင့် ပေးထားသော  ဆေးနှင့် ဆေးပစ္စည်းများကို  ဆေးရုံများတွင် ပြည်သူများ သိရှိစေရန် ရေးသားဖော်ပြထားရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခြင်းကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ဆေးရုံများ၌ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူထားသော ဆေးဝါးများနှင့် ထောက်ပံ့ထားသော အခမဲ့ရနိုင်သည့် ဆေးဝါးများ အမည်စာရင်းအား အများပြည်သူများမြင်အောင် ကပ်ထားရမည်ဟုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့က တစ်ကြိမ်နှင့် ၂၀၂၀ ခုနှစ်၊ မေလ (၈)ရက်နေ့က တစ်ကြိမ် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

အရင်ကတော့ စာရွက်နဲ့ထုတ်ကပ်ထားတယ်။ လွန်ခဲ့တဲ့တစ်ပတ်က ညွှန်ကြားချက်က ဗီနိုင်းထုတ်ကပ်ရမယ်လို့ ညွှန်ကြားတယ်။ အရင်ကတော့ ကပ်ထားဖို့ဆိုပြီး ညွှန်ကြားတော့ စာရွက်နဲ့ထုတ်ကပ်ထားလိုက်တာပေါ့။ ကျွန်တော်တို့က တစ်နှစ်တစ်နှစ် ရတဲ့ဆေးက မတူဘူးပေါ့နော်။ အခုကျွန်တော်တို့ဆို ဆေးထိုးအပ်တွေ ဘာတွေဆို မလောက်ဘူး။ နောက်တစ်ခုက ဆေးရုံတွေမှာ သတ်မှတ်ချက်တွေရှိတယ်။ အထူးကုတွေရှိတဲ့ဆေးရုံဆိုရင် အထူးကုတွေသုံးတဲ့ဆေးတွေပေးပေမဲ့ အထူးကုမရှိတဲ့ဆေးရုံတွေမှာ မပေးဘူးပေါ့။ အဲဒီတော့ အဲဒီလိုဆေးပေးချင်ရင် အပြင်ကဝယ်ခိုင်းရတော့တာပေါ့။ ဆေးကတော့ လောက်တာရှိတယ်။ မလောက်တာရှိတယ်။ ပုံမှန်အားဖြင့်တော့ မလောက်တာ များတာပေါ့နော်

ဟု မိုင်းတုံပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်သူ့ဆေးရုံများသို့ ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ရန်အတွက် လာမည့် ဘဏ္ဍာနှစ်တွင် ကျပ်ဘီလီယံ (၃၀၀) အထိ ထပ်တိုးခွင့်ပြုထားပြီး အမှန်တကယ်လိုအပ်သည့်ဆေးနှင့် ဆေးပစ္စည်းများ ပံ့ပိုးနိုင်ရန် ဆေးရုံများအလိုက် ပြီးခဲ့သည့် (၄)နှစ်တာကာလအတွင်း အသုံးပြုခဲ့သ ည့် ဆေးနှင့်ဆေးပစ္စည်းများမှ အသုံးအများဆုံး ဆေးများကို ပြန်လည်စိစစ်နေကြောင်း သိရသည်။

ကျန်းမာရေးအာမခံစနစ်မရှိသေးသည့် မြန်မာနိုင်ငံတွင် ပြည်သူ့ဆေးရုံများ၌ စရိတ်မျှပေးအစီအစဉ်ကျင့်သုံးကာ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ခွဲပေးသည့် ဆေးနှင့် ဆေးပစ္စည်းများဖြင့် လူနာများအတွက် အခမဲ့ကုသပေးပြီး အကယ်၍ လိုအပ်ပါက ပြင်ပဆေးဆိုင်များတွင် ဝယ်ယူရပြီး ကုတင် (၁၀၀)အထက် ဆေးရုံများတွင်မူ ဈေးနှုန်းသက်သာသည့် ဆေးဆိုင်များကို ဆေးရုံတွင် ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~