ရှမ်းပြည်နယ်အတွင်း ပြည်ပမှ ပြန်လာသူအားလုံး Facility Quarantine နေရသည့်အခါ စားသောက်စရိတ် ကိုယ်တိုင် ကျခံရမည်

ရှမ်းပြည်နယ်အတွင်း ပြည်ပမှ ပြန်လာသူအားလုံး Facility Quarantine နေရသည့်အခါ စားသောက်စရိတ် ကိုယ်တိုင် ကျခံရမည်
မေ 31, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ပြည်ပမှ ပြန်လာသူအားလုံး Facility Quarantine နေရသည့်အခါ  စားသောက်စရိတ် ကိုယ်တိုင် ကျခံရမည်

ရှမ်းပြည်နယ်အတွင်း ပြည်ပမှနေရပ်ပြန်များအား Facility Quarantine (၂၁) ရက်ထားရှိရာတွင် စားသောက်စရိတ်ကို Quarantine ဝင်သူများက ကျခံရမည်ဖြစ်ပြီး စားစရိတ် မတတ်နိုင်သူများအတွက်  ပြည်နယ်အစိုးရက ကျခံပေးရန် စီစဉ်ထားကြောင်း သိရသည်။

စားသောက်ရေးကိစ္စက ရေရှည်ဖြစ်တဲ့အတွက် မြို့နယ်တွေကလည်း မနိုင်ဘူး။  တော်တော်များများ  ပြဿနာရှိတဲ့ အခါကျတော့ ကျွန်တော်တို့က delivery စနစ်နဲ့ ဝန်ဆောင်မှုပေးဖို့ စီစဉ်ထားတယ်။ သူတို့ စားချင်တာကို မှာပေးမယ်။ သူတို့ဘက်က ပိုက်ဆံပေးရမယ်။ ဒါပေမဲ့ ပြန်လာသူတွေထဲက ငွေရေးကြေးရေး မပါလာဘူး။ အခက်အခဲရှိတယ်ဆိုရင် Community Based Facility Quarantine ကနေမှ ကျွန်တော်တို့ ပြည်နယ်ကိုတင်ရင် ပြည်နယ်အစိုးရက ထောက်ပံ့ပေးမယ်

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ၂၀၂၀ ခုနှစ်၊ မေလ (၂၈)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်မှ နေရပ်ပြန်လာသူများအား နယ်စပ်ဂိတ်ရှိရာမြို့တွင် Facility Quarantine ယာယီထားရှိပြီး ဓါတ်ခွဲစစ်ဆေးပြီးနောက် ပိုးမတွေ့ရပါက သက်ဆိုင်ရာမြို့နယ်အလိုက် Facility Quarantine (၂၁)ရက် နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

နောက်နယ်စပ်က ဝင်လာသူတွေကို သက်ဆိုင်ရာ မြို့နယ်အလိုက် ချက်ချင်းပေး မပြန်တော့ဘူး။ နီးစပ်ရာမြို့နယ်မှာရှိတဲ့ Community Based Facility Quarantine Center မှာ ထားမယ်။ ဘာကြောင့် ပေးမပြန်လဲဆိုရင် တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့ဘက်က လိုက်စစ်ရတာ တော်တော်လေး ကသိကအောက်ဖြစ်တယ်။ နောက် ပျံ့လည်းပျံ့သွားနိုင်တဲ့အတွက် ပေးမပြန်တော့ဘူး

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

ရှမ်းပြည်နယ်တစ်ခုလုံးတွင် ပြည်ပမှနေရပ်ပြန်များအား facility quarantine ထားရှိရန်နေရာပေါင်း (၃၂၈)နေရာ စီစဉ်ထားပြီး နယ်စပ်မှဝင်လာစဉ် ဓါတ်ခွဲစစ်ဆေးမှု၌ ပိုးမတွေ့ရကြောင်း အဖြေရပြီးပါက မိမိနေရပ်နှင့် နီးစပ်ရာမြို့နယ်ရှိ သတ်မှတ် facility quarantine တွင် (၂၁)ရက်ပြည့်အောင် နေထိုင်ပြီးမှ နေအိမ်ပြန်ကြရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြောင်းလဲသတ်မှတ်ခြင်းမှာ နိုင်ငံအတွင်း COVID-19 ရောဂါ၏ ကူးစက် ပြန့်ပွားမှု ပုံသဏ္ဍာန်၊ ပျံ့နှံ့မှုအရှိန်အဟုန်၊  ရောဂါပြင်းထန်မှုအတိုင်းအတာ၊ ရောဂါကူးစက် ဖြစ်ပွားရာ နေရာဒေသ၊ ဖြစ်ပွားသည့်လူအုပ်စုအမျိုးအစား (ရောဂါလက္ခဏာရှိသူ စောင့်ကြည့် လူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ၊ ပြည်ပမှ ပြန်လည်ရောက်ရှိ လာသူများ)၊ နိုင်ငံတွင်းကူးစက်မှု/ပြည်ပမှတစ်ဆင့်ကူးစက်မှု၊ ဖြစ်ပွား/သေဆုံးမှုပမာဏ စသည့် ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေအရပ်ရပ်တို့ကို လေ့လာသုံးသပ်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို မွမ်းမံပြောင်းလဲ လုပ်ဆောင်ရခြင်းကြောင့်ဖြစ်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

လက်ရှိအချိန်ထိတွေ့ရှိချက်အရ ပြည်ပမှပြန်ဝင်လာသူများအနေဖြင့် ရောဂါပိုးသယ်ဆောင်လာသူများ ဖြစ်နေနိုင်သည့်အတွက် "သတ်မှတ်နေရာအဆောက်အဦများ၌ အသွားအလာကန့်သတ် ထားရှိခံရချိန်တွင် သတ်မှတ်ထားသော စည်းကမ်းများကို တိတိကျကျ လေးလေးနက်နက် ထားပြီး လိုက်နာရန်မှာ ယခုအချိန်ကာလ၌ အထူးအရေးကြီးနေကြောင်းကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးတိုက်တွန်းထားသည်။

Tachileik News Agency
သတင်း  - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~