တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ အတိုးနှုန်းလျှော့ချပေးထားသော်လည်း ချေးငွေပြန်သွင်းရန် နောက်ကျပါက ဒဏ်ကြေးပေးရမည်

တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ အတိုးနှုန်းလျှော့ချပေးထားသော်လည်း ချေးငွေပြန်သွင်းရန် နောက်ကျပါက ဒဏ်ကြေးပေးရမည်
မေ 26, 2020
By Tachileik News Agency
တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ အတိုးနှုန်းလျှော့ချပေးထားသော်လည်း ချေးငွေပြန်သွင်းရန် နောက်ကျပါက ဒဏ်ကြေးပေးရမည်

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က COVID - 19 ကာလအတွင်း တောင်သူများအတွက် ချေးငွေအားလုံး၏ အတိုးနှုန်းများကို (၅) ရာခိုင်နှုန်းစီသို့ ၂၀၂၀ ခုနှစ်၊ မေလ (၁)ရက်နေ့မှစ၍  ပြင်ဆင်သတ်မှတ်ပေးထားသော်လည်း ချေးငွေပြန်သွင်းရမည့်ကာလထက် နောက်ကျပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေကို ပြန်သွင်းရမယ့် ကာလထက် နောက်ကျသွင်းခဲ့ရင်တော့ ငွေတစ်ရာကို တစ်လ ပြားငါးဆယ် အတိုးနှုန်း ဒဏ်ကြေးပေးဆောင်ရမှာပါ 

ဟု မကွေးတိုင်း  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဒုတိယတိုင်းမန်နေဂျာ ဦးစိုးမင်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများကို ထုတ်ချေးပေးနေသည့် ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေ၊ ကျေးလက်ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (JICA, Two Step Loan) နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ချေးငွေများကို ၂၀၂၀ ခုနှစ်တွင် COVID 19 ကာလဖြစ်သည့် အတွက် ဧပြီလ (၁)ရက်နေ့တွင် အတိုးနှုန်း (၁)ကြိမ် လျှော့ချပေးခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များ၏ တစ်နှစ်အတိုးနှုန်းများကို မေလ (၁)ရက်နေ့မှစ၍ စိုက်ပျိုးစရိတ်ချေးငွေအား (၇)ရာခိုင်နှုန်းမှ (၅)ရာခိုင်နှုန်းသို့ လည်းကောင်း၊ JICA, Two Step Loan များကို (၆.၅)ရာခိုင်နှုန်းမှ (၅)ရာခိုင်နှုန်းသို့ လည်းကောင်း၊ MEB, Tow Step Loan ကို (၈)ရာခိုင်နှုန်းမှ (၆.၅) ရာခိုင်နှုန်းသို့ လည်းကောင်း လျှော့ချပြင်ဆင်လိုက်ခြင်းဖြစ်ပြီး စုဆောင်းအပ်နှံငွေ၏ အတိုးနှုန်းကိုလည်း တပြေးညီ (၅)ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

အခုနှစ် မေလ (၁၅) ရက်ကနေ ၂၀၂၁ ခုနှစ် ဧပြီလ (၁၅) ရက်နေ့အထိကာလအတွင်း ၂၀၂၀ စိုက်ပျိုးရေးစရိတ်ချေးငွေမူအရ  အတိုးနှုန်းက (၅) ရာခိုင်နှုန်းနဲ့ အကျုံးဝင်ပါတယ်။  တောင်သူတွေရဲ့ ချေးငွေထုတ်တဲ့ရက်တွေ မတူနိုင်တာကြောင့် ပျမ်းမျှဆိုရင်တော့ တောင်သူတွေ (၁၀)လလောက် လှည့်ပတ် သုံးစွဲလို့ ရပါတယ် 

 ဟု မကွေးတိုင်း  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဒုတိယတိုင်းမန်နေဂျာ ဦးစိုးမင်းဝင်းက ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ် နွေကာလတွင် မြို့နယ်(၄)မြို့နယ်မှတောင်သူများ၏ နွေစပါးသီးနှံ (၃၈၂)ဧက ၊ ကြံ (၁၀၆၁၅) ဧကအတွက် ငွေကျပ် (၁၁၁၈၈၃) သိန်းကိုလည်းကောင်း၊  ၂၀၁၉ ခုနှစ်တွင် တောင်သူဦးရေ (၂၁၇၉၁၄)ဦး၏ စိုက်ဧက ပေါင်း (၁၀)သိန်းကျော်အတွက် ချေးငွေ ကျပ်(၁၃၂၈၉၄ ဒသမ ၃၀)သန်းကိုလည်းကောင်း ထုတ်ချေးပေးထားကြောင်း မကွေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ZYT


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~