ပြစ်ဒဏ်ကျ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ရွေးကောက်ပွဲ ဥပဒေအရ နောင်ရွေးကောက်ပွဲများတွင် ပြည်သူ့ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံး

ပြစ်ဒဏ်ကျ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ရွေးကောက်ပွဲ ဥပဒေအရ နောင်ရွေးကောက်ပွဲများတွင် ပြည်သူ့ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံး
မေ 20, 2020
By Tachileik News Agency
ပြစ်ဒဏ် ကျခံနေရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာအေးမောင် ရွေးကောက်ပွဲ ဥပဒေအရ  နောင်ရွေးကောက်ပွဲများတွင် ပြည်သူ့ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်သည်  ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲဥပဒေအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိတော့ဘဲ နောင်ရွေးကောက်ပွဲများတွင်လည်း ယှဉ်ပြိုင်ခွင့် မရတော့ကြောင်း ၂၀၂၀ ခုနှစ်၊ မေလ (၁၈)ရက်နေ့ရက်စွဲဖြင့်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ဒီလိုဆုံးဖြတ်တာက တည်ဆဲဥပဒေအရပဲလေ။ တစ်ချို့က ကျတော့လည်း တိုင်းရင်းသားဖြစ်လို့တို့၊ ဖယ်ဒရယ်စနစ်ကို မလိုလားလို့တို့ အဲဒီလိုပေါ့ဗျာ မြင်ကြတာပေါ့။ ကျွန်တော့်အမြင်ကတော့ ဒါက ဥပဒေပြဌာန်းထားချက်နဲ့အညီ ဆောင်ရွက်တာပေါ့။ ပြစ်မှုကျူးလွန်တယ်ဆိုရင်တောင်မှ ပြစ်မှုကြီးတွေ ကျခံရတဲ့သူတွေကျတော့ နောင်တစ်သက်လုံး ရွေးကောက်ခံရခြင်းမရှိရဘူးဆိုတဲ့ ပြဌာန်းချက်ကလည်း ရှိနေတယ်။ ပြစ်မှုကြီးတွေမဟုတ်ရင်တော့ ဆက်ပြီးရွေးကောက်ခံပိုင်ခွင့်ရှိသေးတယ်

ဟု ယခင် ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းတွင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည့်  နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ (၂၀)ရက်နေ့တွင် ပြောသည်။

ဒေါက်တာအေးမောင်သည် ရာဇသတ်ကြီး ပုဒ်မ ၁၂၂(၁)နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) (နိုင်ငံတော်ပုန်ကန်မှု) တို့ဖြင့်  ပြစ်ဒဏ်ချမှတ်ခံထားရသဖြင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ဃ)အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ်မှ ရပ်ဆိုင်းခံရသည့်အပြင် ပုဒ်မ ၈၈၊ ပုဒ်မခွဲ (က)အရ နောင်တွင်လည်း မည်သည့်လွှတ်တော်တွင်မှ  ကိုယ်စားလှယ်အဖြစ်  ဥပဒေအရ ရွေးကောက်ခံပိုင်ခွင့် မရှိတော့ခြင်းဖြစ်သည်။

ကျွန်တော့်အမြင်ကတော့ နိုင်ငံရေးသမားတွေ အထူးသဖြင့် တိုင်းရင်းသားနိုင်ငံရေးသမားတွေ နည်းနည်းပြောတာဆိုတာတွေက သတိမထားမိရင် နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ဘက်  ရောက်သွားနိုင်တာပေါ့နော်။ နောင်မှာလည်း ဒါမျိုးတွေက ပေါ်လာနိုင်တဲ့အနေအထားရှိတယ်။ ဒါကြောင့် ကျွန်တော့်အမြင်ကတော့ ဒီပုဒ်မက ပယ်ဖျက်သင့်တယ်လို့ မြင်တယ်။ နိုင်ငံတော်ပုန်ကန်မှုလိုဆိုတာ ပြစ်မှုက ကြီးလည်းကြီးတယ်။ ထောင်ဒဏ်တို့ ဘာတို့ ကျခံရတယ်ဆိုရင်တောင် နှစ်ကများတယ်။ တစ်ချို့ဆို သေဒဏ်ထိ ကျခံရနိုင်တယ်။ ကျွန်တော့်အမြင်ကတော့ ဒီလိုပြစ်ဒဏ်တွေခံရပြီးရင်တော့ ပြန်လည်ရွေးကောက်ခံပိုင်ခွင့်  ပေးသင့်တယ်ပေါ့နော်

ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ၂၀၁၀ ခုနှစ်၊ မတ်လ (၈)ရက်နေ့၌ ထုတ်ပြန်ပြဌာန်းခဲ့ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းအတွင်း ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့တွင် တစ်ကြိမ်နှင့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့တွင် တစ်ကြိမ် ပြင်ဆင်ပြဌာန်းခဲ့ခြင်းဖြစ်သည်။

မှတ်မိသလောက်တော့ ရွေးကောက်ပွဲဥပဒေကို စပြင်ပေးတာက  ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်တင်မြှောက်ခွင့်ရအောင်လို့ စပြင်ပေးတယ်လို့ မှတ်မိတယ်။ သေချာတာကတော့ အဲဒီတုန်းက လွှတ်တော်ကိုယ်စားလှယ်တွေက သိပ်ပြီးတော့ ဆွေးနွေးကြတာ မရှိဘူး။ ကျွန်တော်တို့ လွှတ်တော်ထဲ  စရောက်တဲ့အချိန်၊ နောက် ဒီဥပဒေတွေက ဘယ်လိုကြောင့် ဘာတွေ ပြဌာန်းထားတယ်ဆိုတာ၊ ဘာကြောင့်ပြင်ပေးတယ်ဆိုတာ သိပ်မသိဘူးပေါ့ဗျာ။ နောက်ကျမှ သိရှိလာတာကတော့ သူက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲရှိလို့ အဲဒီမှာ NLD ကို ဝင်ပြိုင်ခွင့်ရအောင်လို့ ရာဇဝတ်ပြစ်မှုကျူးလွန်ပြီးလို့ ပြစ်ဒဏ်ကျခံရသူတွေက နိုင်ငံရေးပါတီတွေမှာ ပါဝင်ခွင့်မရှိသလို၊ ရွေးကောက်ပွဲမှာလည်း ဝင်ခွင့်မရှိဘူးဆိုတာ ပြဌာန်းထားတာ။ အဲဒါကိုလည်း ထပ်ဖြည့်လိုက်တယ်လို့ ကျွန်တော်က အဲဒီလိုမှတ်မိတယ်။ အခုဒီ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်လို့ရှိရင် နောင်ကို ဘယ်တော့မှ ရွေးကောက်ခံပိုင်ခွင့်မရှိဘူးဆိုတာ ၂၀၁၆ မှာ တတိယအကြိမ် ပြင်တော့မှ ပြဌာန်းလိုက်တာ။ အဲဒီတုန်းကလည်း ဒါတွေကို ဒီလောက်ကြီး အလေးအနက်ထားပြီး မဆွေးနွေးခဲ့မိကြဘူး

ဟု လက်ရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ဥပဒေပြင်ဆင်ရေးဆွေးနွေးခဲ့မှုများကို ပြန်လည်ရှင်းပြသည်။

ယင်းကဲ့သို့ ပြင်ဆင်ခဲ့မှုများအနက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် နောင်တွင် ရွေးကောက်ခံပိုင်ခွင့် ဆုံးရှုံးနိုင်သည့် ပုဒ်မ ၈၈၊ ပုဒ်မခွဲ (က)ကို ပထမအကြိမ်လွှတ်တော်သက်တမ်းကုန်ခါနီး ၂၀၁၆ ခုနှစ်တွင် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ဆိုတော့ ကျွန်တော်တို့လည်း လွှတ်တော်သက်တမ်းက ကုန်နေပြီလေ။ အဲဒီကျတော့ အရေးကြီးတဲ့ ကာလုံဥပဒေတို့ဘာတို့ အဲဒါတွေ တင်လာပြီးတော့ နောက်လွှတ်တော်မှ ဆွေးနွေးမယ်တို့ဘာတို့ ရှိတဲ့အချိန်။ ၂၀၁၆ ကျတော့ ကျွန်တော်တို့လည်း နောက်သက်တမ်းအရွေးမခံရတော့ဘူးဆိုတာ သိနေတဲ့အချိန်ဆိုတော့ သိပ်ပြီးတော့ စိတ်ဝင်တစား ဆွေးနွေးကြတာ မရှိဘူးလို့ ထင်ပါတယ်။ အဲဒီအချိန်မှာ ရွေးကောက်ခံရသူတွေ လွှတ်တော်ထဲရောက်လာပြီ။ ဒါပေမဲ့ သူတို့ ကျွန်တော်တို့နဲ့ ဝင်ထိုင်ပြီး ဆွေးနွေးရတာတွေတော့ မလုပ်ရသေးဘူးပေါ့။ ကျွန်တော်တို့ ပထမအကြိမ်လွှတ်တော်ကိုယ်စားလှယ်တွေပဲ အတည်ပြုတာတွေဘာတွေ လုပ်လိုက်တာပေါ့

ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈၈ အား မူလဥပဒေတွင် ပုဒ်မခွဲများမပါဘဲ  ရွေးကောက်ပွဲ ဥပဒေအရ အရည်အချင်းပျက်ယွင်းခြင်း သို့မဟုတ် ရွေးကောက်ပွဲဥပဒေအခန်း ၁၃ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှုကျူးလွန်၍ ထောင်ဒဏ်ကျခံရခြင်း သို့မဟုတ်  တည်ဆဲ ဥပဒေတစ်ခုခုကို ချိုးဖောက်၍ ထောင်ဒဏ်ကျခံရခြင်းများရှိပါက အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ကို လက်ရှိလွှတ်တော်သက်တမ်းနှင့် နောင်လာမည့် လွှတ်တော်သက်တမ်းတွင် ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိကြောင်း ပြဌာန်းထားခြင်းဖြစ်သည်။

ယင်းနောက် ဥပဒေပုဒ်မ ၈၈ ကို ပုဒ်မခွဲ (က)၊ (ခ)နှင့် (၈)တို့ဖြင့် ထပ်တိုးပြင်ဆင်ခြင်းအပါအဝင် ၂၀၁၆ ခုနှစ်တွင် တတိယအကြိမ် ဥပဒေပြင်ဆင်ရာ၌  ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကြား သဘောထားကွဲလွဲမှုမရှိ၍ ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆွေးနွေးခြင်းမရှိ၍ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့၌ အတည်ပြုခဲ့ကာ ဇန်နဝါရီလ (၁၈)ရက်နေ့၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း  - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~