မန္တလေးမှ မူဆယ်သို့ ပြည်သူ့မဏ္ဍိုင် - နေပြည်တော်ဟစ်တိုင်အဖွဲ့က သယ်လာသည့် နွားကောင်ရေ (၂၀၀)ကျော်ကို လားရှိုးတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

မန္တလေးမှ မူဆယ်သို့ ပြည်သူ့မဏ္ဍိုင် - နေပြည်တော်ဟစ်တိုင်အဖွဲ့က သယ်လာသည့် နွားကောင်ရေ (၂၀၀)ကျော်ကို လားရှိုးတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
မေ 19, 2020
By Tachileik News Agency
မန္တလေးမှ မူဆယ်သို့ ပြည်သူ့မဏ္ဍိုင် - နေပြည်တော်ဟစ်တိုင်အဖွဲ့က သယ်လာသည့် နွားကောင်ရေ (၂၀၀)ကျော်ကို လားရှိုးတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ပြည်သူ့မဏ္ဍိုင် - နေပြည်တော်ဟစ်တိုင်အဖွဲ့က မန္တလေးမှ မူဆယ်သို့ အထောက်အထားမပါဘဲ သယ်လာသည့် နွားကောင်ရေ (၂၂၀)ကို ၂၀၂၀ ခုနှစ်၊ မေလ (၁၈)ရက်နေ့ ညနေက ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

“ကားက (၁၀) စီး၊ နွားက အကောင် (၂၂၀)၊ လူကတော့ အမျိုးသား (၇) ဦးမိထားပါတယ်။ စစ်ဆေးတာတွေ လုပ်နေတုန်းပဲရှိပါသေးတယ်”ဟု လားရှိုးမြို့မစခန်းမှူး ဒုရဲမှူး မြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ မေလ (၁၉)ရက်နေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

အဆိုပါ နွားတင်ယာဉ် (၁၀) စီးတွင် တင်ဆောင်လာသော နွားများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် မွေး/ ကု ထောက်ခံချက်များ မပါရှိသည့်အတွက် အရေးကြီးကုန်စည်ဥပဒေဖြင့် အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း သိရသည်။

(၁၂)ဘီးယာဉ် (၁၀) စီးဖြင့်သယ်ဆောင်လာသည့် နွားများကို ပြည်သူ့မဏ္ဍိုင် - စစ်သည်တော်အဖွဲ့ လူမှုကူညီရေးပရဟိတအဖွဲ့မှ မသန်စွမ်းသူ (၃၅၀)ဦးနှင့် မိဘမဲ့ (၈၅၇)ဦးအား ကူညီထောက်ပံ့ရန် ရန်ပုံငွေအဖြစ် ဒေါ်ဖြိုးရတနာကျော်က ကြီးကြပ်၍ အုန်းချောရွာမှ မူဆယ်သို့ သယ်ဆောင်ခွင့်ပြုရန်ဟုဆိုကာ အဆိုပါအဖွဲ့၏ ဗဟိုဥက္ကဌဆိုသူက မေလ (၁၄)ရက်နေ့ နေ့စွဲဖြင့် ထုတ်ထားသည့် ထောက်ခံချက်တစ်စောင်ကိုလည်း နွားသယ်ဆောင်လာသည့်အဖွဲ့တွင် ပါလာကြောင်း သိရသည်။

လားရှိုးမြို့မှ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်သေများပါဝင်သည့် အဖွဲ့ဖြင့် မြို့ရှောင်လမ်းဘက်တွင် နွားတင်ယာဉ် (၁၀) စီးအား သွားရောက်ဖမ်းဆီးရာတွင် ကြီးကြပ်သယ်ဆောင်လာသည့် အမျိုးသမီးနှင့် ယာဉ်မောင်း (၃)ဦးကို ဖမ်းဆီးရမိခြင်းမရှိဘဲ အမျိုးသား (၇)ဦးကိုပါ ဖမ်းမိထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ဖမ်းဆီးရေးအဖွဲ့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~