တာချီလိတ်မှ အသည်းရောင်ဘီပိုး တတိယအကြိမ်ထိုးနှံရမည့်သူများ လူစုလူဝေး မဖြစ်စေရန် သတ်မှတ်နေ့ရက်နှင့် အချိန်အတိုင်း အောင်မြတ်ခန်းမတွင် လာရောက်ထိုးနှံနိုင်

တာချီလိတ်မှ အသည်းရောင်ဘီပိုး တတိယအကြိမ်ထိုးနှံရမည့်သူများ လူစုလူဝေး မဖြစ်စေရန် သတ်မှတ်နေ့ရက်နှင့် အချိန်အတိုင်း အောင်မြတ်ခန်းမတွင် လာရောက်ထိုးနှံနိုင်
မေ 14, 2020
By Tachileik News Agency
တာချီလိတ်မှ အသည်းရောင်ဘီပိုး တတိယအကြိမ်ထိုးနှံရမည့်သူများ လူစုလူဝေး မဖြစ်စေရန် သတ်မှတ်နေ့ရက်နှင့် အချိန်အတိုင်း အောင်မြတ်ခန်းမတွင် လာရောက်ထိုးနှံနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသည်းရောင်ဘီပိုး ကာကွယ်ဆေး  အခမဲ့ထိုးနှံပေးသည့် အစီအစဉ်မှ တတိယအကြိမ်ကာကွယ်ဆေးထိုးရမည့်သူများကို လူစုလူဝေးမဖြစ်စေရေးအတွက် ၂၀၂၀ ခုနှစ်၊ မေလ(၁၄)ရက်နေ့မှ မေလ(၁၈)ရက်နေ့အထိ တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် အုပ်စုခွဲ၍ ထိုးနှံပေးနေပြီဖြစ်သည်။

COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် မေလ (၁၄) ရက်နေ့မှ မေလ (၁၈)ရက်နေ့အထိ နံနက် (၉)နာရီမှ နေ့လယ် (၁၂)နာရီအထိ ပထမပိုင်းနှင့် နေ့လယ် (၁)နာရီမှ ညနေ (၄)နာရီအထိ ဒုတိယပိုင်းအဖြစ် ရပ်ကွက်များခွဲကာ ထိုးနှံပေးနေခြင်းဖြစ်သော်လည်း မိမိရပ်ကွက်အလှည့်ကျော်သွား၍ ကာကွယ်ဆေးမထိုးလိုက်ရသူများကျန်ရှိပါက မေလ (၁၈)ရက်နေ့အထိ ကာလာအတွင်း လာရောက်ထိုးနှံနိုင်ကြောင်း သိရသည်။

မေလ (၁၄)ရက်နေ့က ဘီပိုးကာကွယ်ဆေးစတင်ထိုးနှံပေးရာ ပထမပိုင်းတွင် ဝမ်ကောင်းရပ်ကွက်နှင့် တာလော့ရပ်ကွက်များမှ ကာကွယ်ဆေးထိုးသူများနှင့် ဒုတိယပိုင်းတွင် ပုန်းထွန်၊ လွယ်တော်ခမ်းနှင့် မိုင်းဟဲကျေးရွာအုပ်စုများမှ ကာကွယ်ဆေးထိုးသူ စုစုပေါင်း (၁၉၀)ဦးကို ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး မေလ (၁၅)ရက်နေ့တွင်  ပထမပိုင်း၌ မကာဟိုခမ်းနှင့် မယ်ခေါင်ရပ်ကွက်တွင် နေထိုင်သူများကို လည်းကောင်း၊ ဒုတိယပိုင်း၌ ဆန်ဆိုင်း(က) နှင့် ဖန်မင်ကျေးရွာတွင် နေထိုင်သူများကိုလည်းကောင်း ထိုးနှံပေးမည်ဖြစ်သည်။

အဆိုပါအခမဲ့ကာကွယ်ဆေးထိုးသည့်အစီအစဉ်မှာ တာချီလိတ်မြို့မှ ဘဝနတ်ထံပျံလွန်တော်မူပြီးသော မဟာမြတ်မုနိကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တပညာသာမိအား ရည်စူးအလှူနှင့် ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒ(ဝစီပိတ်ဆရာတော်)၏ အသက်(၆၄)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူအဖြစ် အစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)နှင့် ဒေသတွင်းမှ လုပ်ငန်းရှင်များက ပူးပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ဘီပိုးကာကွယ်ဆေးကို (၃)ကြိမ် ပြည့်အောင်ထိုးနှံရမည်ဖြစ်ရာ ပထမနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီး သူများအတွက် မေလ(၁၄)ရက်နေ့တွင် စတင်သည့် တတိယအကြိမ် ဘီပိုးကာကွယ်ဆေး ထိုးနှံပေးခြင်းကို တပ်မတော်ဆေးအဖွဲ့၊ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးအဖွဲ့နှင့်  မြသဟာ(အဆွေတော်မိသားစု)ဆေးရုံမှ ကျန်းမာရေးအဖွဲ့တို့က ဆောင်ရွက်နေကြရာ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် သက်ဆိုင်ရာဌာနများ တာဝန်ရှိသူများ လာရောက် ကြည့်ရှုစစ်ဆေးကြသည်။

ကာကွယ်ဆေးထိုးပေးနေသည့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများအပါအဝင် ကာကွယ်ဆေးထိုးသည့်နေရာမှ COVID 19 ကူးစက်ခံရခြင်းမရှိစေရေး လူစုလူဝေးမဖြစ်စေရေး ကူညီဆောင်ရွက်ကြသည့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် Tachileik Volunteer အဖွဲ့တို့အား ကာကွယ်ဆေးထိုးသည့်ကာလအတွင်း အစားအသောက်ကျွေးမွေးစရိတ်ကို တာချီလိတ်မြို့မီးလင်းရေးကော်မတီ၊ ပြည်သူ့နတ်နန်း(အဘကိုးမြို့ရှင်ပင်မဗိမာန်တော်ကြီး) နှင့် မြသဟာ(အဆွေတော်မိသားစု)တို့က လှူဒါန်းပေးထားကြောင်း သိရသည်။

မေလ (၁၆)ရက်နေ့ ပထမပိုင်း၌ ဆန်ဆိုင်း(ခ)နှင့် မိုင်းကိုးကျေးရွာတွင် နေထိုင်သူများနှင့် ဒုတိယပိုင်း၌ ရန်အောင်မြေနှင့် ဝမ်လုံးကျေးရွာအုပ်စုတွင် နေထိုင်သူများကို လည်းကောင်း၊  မေလ (၁၇) ရက်နေ့ ပထမပိုင်း၌ ဆေခမ်း၊ ပါဆတ်နှင့် ဝိန်းကျောက်ရပ်ကွက်တွင် နေထိုင်သူများနှင့် ဒုတိယပိုင်း၌ မိုင်းဖုန်း(ခ)နှင့် မိုင်းဖုန်း (ခ)တွင် နေထိုင်သူများကိုလည်းကောင်း၊ မေလ (၁၈)ရက်နေ့ နံနက်ပိုင်း၌ ကျိုင်းလပ်မြို့၌ နေထိုင်သူများနှင့် ဒုတိယပိုင်း၌ တာလေမြို့တွင် နေထိုင်သူများနှင့် အခြားရပ်ကွက်များမှ ဆေးထိုးရန်ကျန်ရှိသူများကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်သည်။

ကာကွယ်ဆေး လာရောက်ထိုးနှံသူများအနေဖြင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးမှတ်တမ်းများ ယူဆောင်လာရန်လိုအပ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - စိုင်းအောင်၀င်းမိုး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~