တာချီလိတ်တွင် ကျောက်မဲမှ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ Quarantine ကာလ ပြီးဆုံး၊ သံသယဖြစ်ဖွယ်မတွေ့

တာချီလိတ်တွင် ကျောက်မဲမှ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ Quarantine ကာလ ပြီးဆုံး၊ သံသယဖြစ်ဖွယ်မတွေ့
ဧပြီ 9, 2020
By Tachileik News Agency
တာချီလိတ်တွင် ကျောက်မဲမှ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ Quarantine ကာလ ပြီးဆုံး၊ သံသယဖြစ်ဖွယ်မတွေ့

ကျောက်မဲဆေးရုံမှ COVID 19 အတည်ပြုလူနာ (Case 14) သွားလာခဲ့သည့် နယ်စပ်မြို့ တာချီလိတ်မှ ကျောက်မဲ အထိ လမ်းကြောင်းတစ်လျှောက် ထိတွေ့ခဲ့သူများကို (၁၄) ရက် Quarantine ထားသည့်ကာလအတွင်း သံသယဖြစ်ဖွယ် မတွေ့ရကြောင်း သိရသည်။

ထူးခြားတာ ဘာမှမရှိပါဘူး။ အဲဒီထဲက တစ်ယောက်ကတော့ နေမကောင်းဘူးဆိုလို့ ချက်ချင်းသွားကြည့်ခိုင်းခဲ့ပါတယ်။ ရိုးရိုးသာမန်ပါပဲ။ ပြဿနာမရှိပါဘူး။ အားလုံး ကျန်းမာရေးကောင်းနေပါတယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့တွင် ပြောသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)မှ မတ်လ (၂၅)ရက်နေ့တွင် ဝင်လာခဲ့ပြီး တာချီလိတ်မြို့- မန္တလေး - ကျောက်မဲလမ်းကြောင်း အတိုင်း ပြန်သွားကာ မတ်လ (၃၀)ရက်နေ့၌ အတည်ပြုလူနာဖြစ်သွားခဲ့ရာ လမ်းကြောင်းတစ်လျှောက် ထိတွေ့ခဲ့သူပေါင်း (၁၆၈)ဦးကို Quarantine ထားရှိခြင်းဖြစ်သည်။

အတည်ပြုလူနာနှင့်ထိတွေ့ခဲ့၍ Quarantine ထားသူများအနက် တာချီလိတ်မြို့မှ (၅၅) ဦးကို ဧပြီလ (၉)ရက်နေ့တွင် Quarantine ပြီးဆုံးကြောင်း အထောက်အထားများ ထုတ်ပေးထားပြီဖြစ်ကြောင်း သိရသည်။

Hotel Quarantine နဲ့ Home Quarantine တွေက ဒီနေ့ (၁၄)ရက်ပြည့်တာ။ ဟိုတယ်ကလူတွေကိုတော့ ကျွန်တော်တို့ လက်မှတ်ထိုး အထောက်အထားထုတ်ပေးလိုက်ပြီ။ Home Quarantine တွေကိုလည်း ကျန်းမာရေးကထုတ်ပေးတဲ့ အထောက်အထားတွေ လိုက်ပေးဖို့ရှိပါတယ်

ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။

ကျောက်မဲပြည်သူ့ဆေးရုံမှ အတည်ပြုလူနာ  တာချီလိတ်မြို့တွင် နေထိုင်ခဲ့စဉ် (၂) ရက်အတွင်း ထိတွေ့မှုရှိခဲ့သူ (၅၅)ဦးကို Hotel Quarantine နှင့် Home Quarantine ထားရှိခြင်းကို ဧပြီလ (၁)ရက်နေ့ ညနေက စတင်ခဲ့ခြင်းဖြစ်သည်။

အတည်ပြုလူနာ တည်းခိုသွားသည့် ဟိုတယ်၊ သွားရောက်ခဲ့သည့် ထမင်းဆိုင် (၂)ဆိုင်နှင့် ဆံပင်ညှပ်ဆိုင်တို့ကိုလည်း ပြန်လည် ဖွင့်လှစ်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာ (Case 14)သည် လက်ရှိတွင် လားရှိုးပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေပြီး ၎င်း၏မိသားစုဝင် (၄)ဦးနှင့် ခရီးအတူသွားခဲ့သူ (၁)ဦးတို့ကို ဧပြီလ (၈)ရက်နေ့က ကျောက်မဲပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာ သတ်မှတ်ထားခြင်းဖြစ်သည်။

 Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - UTS-Mizzmia ၊ TTW


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~