တာချီလိတ်တွင် ပြည်တော်ပြန်များအား (၁၄) ရက် သီးခြားစောင့်ကြည့်ရန်အတွက် နေရာထိုင်ခင်း ကြိုတင် ပြင်ဆင်ထား

တာချီလိတ်တွင် ပြည်တော်ပြန်များအား (၁၄) ရက် သီးခြားစောင့်ကြည့်ရန်အတွက် နေရာထိုင်ခင်း ကြိုတင် ပြင်ဆင်ထား
ဧပြီ 5, 2020
By Tachileik News Agency

တာချီလိတ်တွင် ပြည်တော်ပြန်များအား  (၁၄) ရက် သီးခြားစောင့်ကြည့်ရန်အတွက် နေရာထိုင်ခင်း ကြိုတင် ပြင်ဆင်ထား

နယ်စပ်မြို့ တာချီလိတ်တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသားများအား (၁၄) ရက် သီးခြားစောင့်ကြည့်မည့်နေရာကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ပြင်ဆင်ထားပြီဖြစ်သည်။

တစ်ယောက်နဲ့တစ်ယောက် (၆) ပေနီးနီးခြားထားဖို့ စီစဉ်ထားပါတယ်။ အိမ်သာတွေလည်း  သူတို့အခန်းတွေအလိုက် တစ်လုံးစီကို နံပါတ်တပ်ပေးထားလိုက်တယ်။ သူတို့ ဆောင်ရန်၊ ရှောင်ရန် လိုက်နာရမှာတွေကို ဗီနိုင်းတွေနဲ့ ပတ်လည်မှာ လိုက်ကပ်ပေးထားပါတယ်။ အခု (၁၈၇)ယောက်စာ ပြင်ထားတယ်။ နောက် ဆေးစိမ်ခြင်ထောင် အလုံး (၂၀၀)လည်း ကျွန်တော်တို့ ထုတ်ပေးထားတယ်။ လက်ဆေးဆပ်ပြာတွေလည်း ထည့်ပေးထားတယ်

ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဌာန ဦးစီးမှူး၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်ဘက်တွင် ရောက်ရှိနေကြသည့် နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများအား လက်ခံပြီး သီးခြားစောင့်ကြည့်နေရာတွင် (၁၄)ရက် စောင့်ကြည့်နိုင်ရန် တာချီလိတ်မှ တာဝန်ရှိသူများက မိုးကုတ်ဝိပဿနာရိပ်သာတွင် နေရာစီစဉ်ထားခြင်းဖြစ်သည်။

လာမယ့်လူအကုန်လုံးအတွက် ပြင်ဆင်ထားတယ်။ (၁၈၀) ကျော်ဆိုတော့ အဲဒီအကုန်လုံးအတွက်ပါ

ဟု တာချီလိတ်ခရိုင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌဖြစ်သူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်က နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ပြန်ဝင်လာသူများကို မိမိတို့ဒေသတွင် နေအိမ်၌ (၁၄)ရက် သီးခြားနေထိုင်ကြရန် တိုက်တွန်းချက်ဖြင့် ဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သော်လည်း နယ်စပ်မှဝင်လာသူ (၂)ဦးကို အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိပြီးနောက် သွားလာရာလမ်းကြောင်းတလျှောက် ထိတွေ့ခဲ့သူများအား ပြန်လည်ရှာဖွေရခြင်းများရှိလာသဖြင့် နယ်စပ်မြို့များတွင် (၁၄)ရက် သီးခြားစောင့်ကြည့်ပြီးမှ နေရပ်ပြန်ရန် ဌာနများပူးပေါင်း စီစဉ်လာကြခြင်းဖြစ်သည်။

 Quarantine ထားတယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုက ပြန်လာတဲ့သူတွေဆီကနေ ရပ်ရွာကို မကူးစက်ဖို့၊ နောက် Quarantine အတွင်းမှာပဲ အချင်းချင်း မကူးစက်ဖို့၊ Quarantine ထားတဲ့နေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ တာဝန်ရှိတဲ့သူတွေ၊ စေတနာ့ဝန်ထမ်းတွေကို ရောဂါမကူးစက်ဖို့ ဒီလိုပြည့်စုံအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လိုက်နာတယ်ဆိုတဲ့နေရာမှာ Quarantine လုပ်ခံရတဲ့သူတွေကိုယ်တိုင် လိုက်နာဖို့က တော်တော်အရေးကြီးပါတယ်

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ပြောသည်။

နယ်စပ်မြို့များတွင် နေရပ်ပြန်များအား (၁၄)ရက် Facilities Quarantine ထားရှိရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာနစသည့် သက်ဆိုင်ရာဌာနများ၊ ရပ်မိရပ်ဖများ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~