တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ရွာအဝင် အထွက် ကန့်သတ်မှု ဆက်လက်လုပ်ဆောင်ထား

တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ရွာအဝင် အထွက် ကန့်သတ်မှု ဆက်လက်လုပ်ဆောင်ထား
ဧပြီ 2, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ရွာအဝင် အထွက် ကန့်သတ်မှု ဆက်လက်လုပ်ဆောင်ထား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စုအတွင်း ကျေးရွာများတွင် COVID 19 ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် အဝင်အထွက်ကန့်သတ်ခြင်းကို မိမိတို့အစီအစဉ်ဖြင့် ဆောင်ရွက်နေပြီး ကျေးရွာအတွင်းရှိ ထိုင်းနိုင်ငံမှ နေရပ်ပြန်များကိုလည်း စာရင်းကောက်ယူထားကြောင်း သိရသည်။

ရွာတွေမှာ တခြားနိုင်ငံက ပြန်လာသူတွေရှိရင် စာရင်းကောက်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကျွန်တော်တို့ အရင်ပြောပါတယ်။ စာရင်းကောက်ပြီးတော့ ဒီလူတွေကို (၁၄)ရက်သီးခြားစောင့်ကြည့်မှုလုပ်ဖို့ ပြောတာပါတယ်။ ဒါတွေ လုပ်ပြီးတဲ့အခါမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သူတို့ရွာတွေမှာ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးတာတွေ  လုပ်ပါတယ်။ အဲဒီလိုလုပ်တဲ့အတွက် အခုဆိုရင် ကျေးရွာတွေက လူစုလူဝေးဖြစ်တာတွေ ရှောင်တာ၊ ကိုယ့်ရွာအဝင်အထွက်တွေ စိစစ်ပြီး လုပ်နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း သူတို့ဆီက သတင်းပို့ချက်တွေ အမြဲရယူပြီး လိုအပ်တာတွေ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်

ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် မိုင်းဖုန်း (က)၊ မိုင်းဖုန်း (ခ)ကျေးရွာအုပ်စုအတွင်း ကျေးရွာများအလိုက် ရွာအဝင်လမ်းများနှင့် ရွာလမ်းသွယ်များအား ပိတ်ဆို့ပြီး အဓိက ရွာအဝင်လမ်းတွင် လုံခြုံရေးအစောင့်ထား၍ အဝင်အထွက် ကန့်သတ်ထားခြင်းဖြစ်သည်။

ထိုင်းကပြန်လာတဲ့သူတွေ သူတို့အိမ်မှာပဲ သီးခြားနေခိုင်းတယ်။ အပြင်ကလူ မဝင်ခိုင်းဘူး။ အထဲကလူလည်း ဒီနား နီးနီးနားနားပဲ ပေးသွားတယ်

ဟု မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု နမ့်လွတ်(အာခါ)ရွာမှ ကိုအားမဲက ပြောသည်။

မိမိတို့ဒေသအလိုက် ရောဂါကာကွယ်ရေးလုပ်ဆောင်နေသည့် ကျေးရွာများအား လိုအပ်သည့် ကူညီပံ့ပိုးမှုများ ပေးနိုင်ရန် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များက မတ်လ (၃၀)ရက်နေ့က ကွင်းဆင်းသွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~