မိုင်းဆတ်မြို့နယ်အတွင်း တောမီးကြောင့် နေအိမ်(၃၆)လုံး မီးလောင်ဆုံးရှုံးကာ လူပေါင်း(၁၅၀)ကျော် မီးဘေးသင့်

မိုင်းဆတ်မြို့နယ်အတွင်း တောမီးကြောင့် နေအိမ်(၃၆)လုံး မီးလောင်ဆုံးရှုံးကာ လူပေါင်း(၁၅၀)ကျော် မီးဘေးသင့်
ဧပြီ 3, 2020
By Tachileik News Agency

မိုင်းဆတ်မြို့နယ်အတွင်း တောမီးကြောင့် နေအိမ်(၃၆)လုံး မီးလောင်ဆုံးရှုံးကာ လူပေါင်း(၁၅၀)ကျော် မီးဘေးသင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်အတွင်း မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုရှိ ကျေးရွာ(၂)ရွာတွင် တောမီးမှတဆင့် မီးကူးစက်လောင်မှုဖြစ်ပွားရာက နေအိမ်(၃၆)လုံး မီးလောင်ဆုံးရှုံးကာ လူပေါင်း(၁၅၈)ဦး မီးဘေးသင့်ခဲ့ရကြောင်း သိရသည်။

မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်းရှိ ပုံတပ်(၁)ကျေးရွာ နှင့် ခတ်ကြားဒေကျေးရွာတို့တွင် ၂၀၂၀ခုနှစ် ဧပြီလ (၂)ရက်နေ့ နေ့လည်က  မီးလောင်မှုဖြစ်ပွားခြင်း ဖြစ်သည်။

ပုံတပ်(၁)ကျေးရွာ၏ အနောက်ဘက်တောအုပ် အတွင်း၌ နေ့လည်(၂)နာရီဝန်းကျင်အချိန်က တောမီးလောင်းကျွမ်း၍ ရွာသူ ရွာသားများမှ ဝိုင်းဝန်းငြိမ်းသတ်နေစဉ် ညနေ(၃)နာရီခွဲဝန်းကျင်အချိန်တွင် လေပြင်းတိုက်ခတ်ကာ ကျေးရွာ၏ အနောက်တောင်ဘက်အစွန်ရှိ ဦးကျဟယ်နေအိမ်သို့ မီးပွားကျရာကာ မီးကူးစက်လောင် ကျွမ်း ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ရာသို့ မိုင်းခုတ်မြို့အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်သူနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ သွားရောက်ပြီး ကျေးရွာသူ၊ ကျေးရွာသားများနှင့် အတူ မီးဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ညနေ(၅)နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် သက်ကယ် မိုးဝါးထရံကာအိမ်(၂၁)လုံး၊ သွပ်မိုးပျဉ်ကာအိမ်(၁၁)လုံး၊ အလျား(၃၀)ပေ၊ အနံ(၁၅)ပေရှိ သွပ်မိုးထရံကာ မူလတန်းကျောင်း(၁)ကျောင်း ပျက်စီးဆုံးရှုံးခဲ့ပြီးသည့်အတွက် အိမ်ထောင်စု (၃၂)စု၊ လူဦးရေ(၁၃၉) ဦး အိမ်ရာမဲ့ဖြစ်ပွားခဲ့သော်လည်း လူနှင့်တိရိစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

အလားတူ မိုင်းတွမ်းတောင်ပေါ်အုပ်စု၊ ခတ်ကြားဒေ(၁)ကျေးရွာ၌ ဧပြီလ (၂)ရက်နေ့ ညနေ(၃)နာရီက တောမီး မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် ရွာသူ၊ သက်ကယ်မိုး၊ ဝါးထရံကာအိမ်(၄)လုံး ပျက်စီးဆုံးရှုံးကာ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၉)ဦး အိမ်ရာမဲ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးဘေးသင့်ပြည်သူများအား နီးစပ်ရာ၎င်းတို့၏ ဆွေမျိုးများနေအိမ်တွင် ခေတ္တနေရာချထား ပေးပြီး ကျေးရွာမှ နေထိုင်စားသောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ထားရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - မြင့်မောင်(မိုင်းဆတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~