မိုင်းဆတ် စာစစ်ဌာနကြီးကြပ်ရေးမှူးရုံးခန်းမှ ပျောက်ဆုံးသွားသည့် သံသေတ္တာကို တစ်လအကြာတွင် ပြန်တွေ့

မိုင်းဆတ် စာစစ်ဌာနကြီးကြပ်ရေးမှူးရုံးခန်းမှ ပျောက်ဆုံးသွားသည့် သံသေတ္တာကို တစ်လအကြာတွင် ပြန်တွေ့
ဧပြီ 17, 2020
By Tachileik News Agency
မိုင်းဆတ် စာစစ်ဌာနကြီးကြပ်ရေးမှူးရုံးခန်းမှ ပျောက်ဆုံးသွားသည့်  သံသေတ္တာကို တစ်လအကြာတွင် ပြန်တွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ စာစစ်ဌာနကြီးကြပ်ရေးမှူးရုံးခန်းမှ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့က ပျောက်ဆုံးသွားသည့် စာဖြေလွှာအလွတ်နှင့် စာမေးပွဲဖြေဆိုခွင့်ကဒ်များထည့်ထားသည့် သံသေတ္တာကို တစ်လအကြာဖြစ်သည့် ဧပြီလ (၁၇)ရက်နေ့တွင် ပြန်လည်တွေ့ရှိကြောင်း သိရသည်။

ကျွန်တော့်အိမ်အတွက် အုတ်ရိုက်ဖို့ ကျွန်တော့် သူငယ်ချင်းနဲ့ နမ့်ဆတ်ချောင်းမှာ သဲကြုံးဖို့ သွားရှာရင်း အဲဒီ သံသေတ္တာကို တွေ့တာပါ။ စတွေ့တာက ကျွန်တော့်သူငယ်ချင်းပါ။ သံသေတ္တာက သော့ခတ်ထားပေမဲ့ သေတ္တာသော့ကွင်းက ပြုတ်ထွက်နေတယ်။ အဲဒါကြောင့် သံသယရှိတာနဲ့ ရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားလိုက်တာပါ

ဟု သံသေတ္တာအားတွေ့ရှိခဲ့သူ မယ်ဆွမ်မြောက်ရပ်ကွက်(ကွက်သစ်ရပ်)နေ စိုင်းထွန်းနေ က ပြောသည်။

၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း အထက (မိုင်းဆတ်) စာစစ်ဌာနကြီးကြပ်ရေးမှူးရုံးခန်းအတွင်းမှ  သံသေတ္တာတစ်လုံး ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး အဖြေလွှာအလွတ်များနှင့် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများ ပါဝင်သွားခြင်းဖြစ်သည်။

ကျွန်တော်တို့ မိုင်းဆတ်မှာ တက္ကသိုလ်ဝင်စာမေးပွဲနဲ့ပတ်သက်ပြီး တစ်ခါမှ အခုလိုအဖြစ်မျိုး မရှိခဲ့ ဘူး။ ပထမတစ်ခေါက်စာဖြေလွှာ အလွတ်တွေနဲ့ အခု သေတ္တာတွေ့တဲ့ နမ့်ဆတ်ချောင်းက စာစစ်ဌာနဖြစ်တဲ့ အထကကျောင်းနဲ့သိပ်ဝေးတာမဟုတ်ဘူး။ ပြီးတော့ အထကကျောင်းအနီးမှာ ဖွင့်ထားတဲ့ ဘော်ဒါတွေက ကျောင်းသားကျောင်းသူတွေဟာ ဒီချောင်းမှာရေချိုးနေကြတာ။ ပထမတစ်ခေါက်တွေ့တဲ့ စာဖြေလွှာအလွတ်တွေဆို ရင် ရေချိုးဆိပ်လုပ်ထားတဲ့နေရာမှာ တွေ့တာ။ အခုသေတ္တာက အဲဒီအထက် နားမှာလို့ သိရတယ်။ နမ့်ဆတ်ချောင်းဆိုပေမဲ့ လည်း မြောင်းသာသာရှိတာပါ။ အဲဒီလိုလုပ်တဲ့သူကို အမြန်ဆုံးဖမ်းမိစေချင်တယ်

ဟု မယ်ဆွမ်မြောက်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့်ကာလ မတ်လ (၁၆) ရက်နေ့ ဓာတုဗေဒ ဘာသာရပ်ဖြေဆိုမည့်နေ့တွင် အထက(မိုင်းဆတ်)စာစစ်ဌာနကြီးကြပ်ရေးမှူးရုံးခန်းအတွင်း သိမ်းဆည်း ထားသော စာဖြေလွှာအလွတ်စာအုပ်(၁၇၂၀)အုပ်၊ အပိုအဖြေလွှာစာရွက်(၁၀၉၃)ရွက်၊ စာမေးပွဲဖြေဆိုခွင့်  ကဒ်ပြား(၄၇၀)ကဒ်နှင့် စာဖြေလွှာအလွတ်ထည့်ထားသည့် သံသေတ္တာတစ်လုံးတို့မှာ အခန်းပြူတင်းတံခါး ဂျက်များနှင့် ဗီဒိုသော့ပျက်ဆီးနေခြင်းမရှိဘဲ ပျောက်ဆုံးသွား၍ ကျောင်းသားကျောင်းသူများစာမေးပွဲ ဆက် လက်ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံစာစစ်ဌာနမှ စာဖြေလွှာအလွတ်များကို လေယာဉ်ဖြင့် တာချီလိတ်မြို့ မှတစ်ဆင့် အချိန်မီပေးပို့နိုင်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ပျောက်ဆုံးခဲ့သည့်ပစ္စည်းများအနက် စာဖြေလွှာအလွတ်များကို ဧပြီလ (၃) ရက်က နမ့်ဆတ် ချောင်းတွင်း ဟင်းစားရှာသူများက တွေ့ခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - သန်းဇော်(မိုင်းဆတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~