ရှမ်းပြည်နယ်အတွင်း ဝေးလံသည့်ဒေသများမှ Hand Gel ပြုလုပ်လိုသူများအတွက် တောင်ကြီးမြို့သို့ လူကိုယ်တိုင် မလာရောက်နိုင်ပါက နည်းပညာရပ်များကို Email ဖြင့်ပေးပို့ပေးမည်

ရှမ်းပြည်နယ်အတွင်း ဝေးလံသည့်ဒေသများမှ Hand Gel ပြုလုပ်လိုသူများအတွက် တောင်ကြီးမြို့သို့ လူကိုယ်တိုင် မလာရောက်နိုင်ပါက နည်းပညာရပ်များကို Email ဖြင့်ပေးပို့ပေးမည်
ဧပြီ 1, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ဝေးလံသည့်ဒေသများမှ Hand Gel ပြုလုပ်လိုသူများအတွက် တောင်ကြီးမြို့သို့ လူကိုယ်တိုင် မလာရောက်နိုင်ပါက နည်းပညာရပ်များကို Email ဖြင့်ပေးပို့ပေးမည်

လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်(COVID-19) ကြောင့် ဈေးကွက်အတွင်း Hand Gel များဝယ်ယူရန်ခက်ခဲသဖြင့် ကိုယ်တိုင်ပြုလုပ်လိုသူများ အနေဖြင့် ရှမ်းပြည်နယ်အတွင်း ဝေးလံသည့်အရပ်ဒေသများတွင်နေထိုင်ကာ တောင်ကြီးမြို့သို့ လူကိုယ်တိုင်လာရောက်နိုင်ခြင်းမရှိပါက နည်းပညာရပ်များကို Email ဖြင့်ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

COVID-19 နဲ့ပတ်သက်ပြီးတော့ ဈေးကွက်ထဲမှာ Hand Gel တွေ ဈေးတွေလည်းတအားကြီးနေတယ်၊ ဝယ်လို့လည်းမရတော့ဘူးဆိုတော့ တစ်ပိုင်တနိုင်မိသားစုသုံးဖို့ အတွက် အိမ်မှာလုပ်ကြမလား။ လုပ်ပြီးလှူချင်တဲ့သူတွေ၊ လုပ်ပြီးရောင်းချင်တဲ့သူတွေအတွက် ဘာတွေဘယ်လိုလုပ်ရတယ်ဆိုတာ နည်းပညာကို အခမဲ့သင်ကြားပေးမယ်လို့ ကြေညာလိုက်တာ။ အဝေးဒေသတွေကဖြစ်မယ်၊ လာဖို့အခက်အခဲရှိတယ်ဆိုရင် သူတို့အနေနဲ့ ဒါနဲ့ပတ်သက်လို့အတွေ့အကြုံရှိနေတယ်၊ ပညာရပ်အနေနဲ့လိုချင်တယ်ဆိုရင် ကျွန်တော်တို့ဆီကဝန်ထမ်းတွေကို လှမ်းမေးလိုက်ပြီးတော့ ဘာအမျိုးအစားတွေကို ဘယ်လိုအချိုးအစားနဲ့ ရောစပ်ရတယ်ဆိုတာကို Email နဲ့ပြန်ပို့ပေးလို့လည်း ရပါတယ်

ဟု ရှမ်းပြည်နယ်အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

Hand Gel ပြုလုပ်လိုသူများအနေဖြင့် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းတွင်ရှိသည့် ရှမ်းပြည်နယ်အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန၊ ဖုန်းနံပတ် ၀၈၁-၂၀၆၈၂၉ သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီး သင်တန်းနည်းပြများမှ ရက်ချိန်းပေးပြီး Hand Gel ပြုလုပ်နည်းကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး ရပ်ဝေးဒေသများမှ နည်းပညာရယူလိုသူများအတွက် ပါဝင်ပစ္စည်းများ၏အသုံးအနှုန်းများနားလည်ပါက ထည့်ဝင်ရမည့်အမျိုးအစားများကို Email ဖြင့်ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
 
ရှမ်းပြည်နယ်အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်နယ်ရုံးကို တောင်ကြီးမြို့တွင် ဖွင့်လှစ်ထားပြီး ဌာနလက်အောက်တွင် ယက်ကန်းနှင့် သက်မွေးသင်တန်းကျောင်း(တောင်ကြီး)နှင့် ယက်ကန်းနှင့် သက်မွေးသင်တန်းကျောင်း(ကျောက်မဲ)သာရှိနေသဖြင့် ဝေးလံသည့်ဒေသများတွင် သင်တန်းဖွင့်လှစ်နိုင်ခြင်းမရှိသော်လည်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့များတွင် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်သည့်သင်တန်းများကို အလျဉ်းသင့်သလိုဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~