မန္တလေး၊ စစ်ကိုင်းနှင့် ကယားတို့တွင် လုပ်ငန်းများရပ်နားရန်နှင့် ခရီးသွားလာခြင်း တားမြစ်မိန့် ထုတ်ထားပြီး ရှမ်းနှင့် ရန်ကုန်တွင် မေတ္တာရပ်ခံပန်ကြားစာ ထုတ်ပြန်

မန္တလေး၊ စစ်ကိုင်းနှင့် ကယားတို့တွင် လုပ်ငန်းများရပ်နားရန်နှင့် ခရီးသွားလာခြင်း တားမြစ်မိန့် ထုတ်ထားပြီး ရှမ်းနှင့် ရန်ကုန်တွင် မေတ္တာရပ်ခံပန်ကြားစာ ထုတ်ပြန်
ဧပြီ 6, 2020
By Tachileik News Agency

မန္တလေး၊ စစ်ကိုင်းနှင့် ကယားတို့တွင် လုပ်ငန်းများရပ်နားရန်နှင့် ခရီးသွားလာခြင်း တားမြစ်မိန့် ထုတ်ထားပြီး ရှမ်းနှင့် ရန်ကုန်တွင် မေတ္တာရပ်ခံပန်ကြားစာ ထုတ်ပြန်

COVID 19 ကာကွယ်ရေးအတွက် မန္တလေး၊ စစ်ကိုင်းနှင့် ကယားတို့တွင် လုပ်ငန်းများ ယာယီပိတ်ထားရန်နှင့် ခရီးသွားလာခြင်း ကန့်သတ်သည့် တားမြစ်မိန့်များကို ထုတ်ပြန်လိုက်ပြီး ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပန်ကြားစာများ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အခြေခံလိုအပ်ချက်အတွက် လုပ်ငန်းများမှအပ ကျန်လုပ်ငန်းများအားလုံးနှင့် ခရီးသွားလာခြင်း တားမြစ်မိန့်ကို မန္တလေးတိုင်းဒေသကြီး အစိုးရက ဧပြီလ (၄)ရက်နေ့တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရက ဧပြီလ (၅)ရက်နေ့တွင် လည်းကောင်း၊ ကယားပြည်နယ်အစိုးရက ဧပြီလ (၆)ရက်နေ့တွင်လည်းကောင်း အသီးသီးထုတ်ပြန်ထားကြခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက အများပြည်သူ အနေဖြင့် ဧပြီလ (၁၀)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကာလအတွင်း မဖြစ်မနေ ဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စရပ်များနှင့် အစားအသောက်ဝယ်ယူခြင်းမှလွဲ၍ နေအိမ်ပြင်ပမထွက်ကြရန် ဧပြီလ (၄)ရက်နေ့တွင် ပြည်သူသို့ မေတ္တာရပ်ခံ ပန်ကြားထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အစိုးရကလည်း ဧပြီလ (၆)ရက်နေ့တွင် အများပြည်သူသို့ ပန်ကြားစာထုတ်ပြန်လာရာတွင် ခရီးသွားလာမှု လျှော့ချရန်၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်၊ ဟိုတယ်၊ တည်းခိုခန်းများနှင့် အများပြည်သူ သွားလာရန်နေရာများကို ဧပြီလ (၇)ရက်နေ့မှ ဧပြီလ (၂၁)ရက်နေ့အထိ ပိတ်ထားကြရန် မေတ္တာရပ်ခံ ပန်ကြားထားသည်။

ခရီးသွားလာခြင်းနှင့်ပတ်သက်၍ တားမြစ်မိန့်များထုတ်ထားသည့် ဒေသများတွင် ကုန်တင်ယာဉ်များမှအပ ကျန်မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ကို မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီလ (၇)ရက်နေ့မှ ဧပြီလ (၂၁)ရက်နေ့ အထိ၊ စစ်ကိုင်းတိုင်းတွင် ဧပြီလ (၇)ရက်နေ့မှ ဧပြီလ (၂၁)ရက်နေ့အထိ၊ ကယားပြည်တွင် ဧပြီလ (၈)ရက်နေ့မှ ဧပြီလ (၂၂)ရက်နေ့အထိ ကန့်သတ်ထားသည်။

မန္တလေး၊ စစ်ကိုင်းနှင့် ကယားတို့တွင် အဆိုပါ သတ်မှတ်ကာလများအတွင်း စားသောက်ကုန်၊ စက်သုံးဆီနှင့် ဆေးဝါးဆိုင်များမှလွဲ၍ ဟိုတယ်၊ မိုတယ်၊ INN နှင့် လုပ်ငန်းများ၊ ဆိုင်များအားလုံး၊ အများပြည်သူ သွားလာနိုင်သည့်နေရာအားလုံးကို ယာယီပိတ်ထားကြရမည်ဖြစ်သည့်အပြင် အဆိုပါဒေသများမှ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ကျန်းမာရေး၊ နာရေးနှင့် အခြားအရေးကြီးကိစ္စများအတွက် သွားလာရန်လိုအပ်ပါက သက်ဆိုင်ရာ မြို့နယ် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမြို့နယ်အဆင့် လုပ်ငန်းကော်မတီများ၏ ထောက်ခံချက်များ လိုအပ်မည်ဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~