တာချီလိတ်တွင် အတည်ပြုလူနာနှင့်အတူ လေယာဉ်စီးလာသည့် ခရီးသည်များထဲက ကျန်ရှိတစ်ဦးကို ဧပြီလ(၁၉)ရက်နေ့ နံနက်ပိုင်းက ရှာဖွေတွေ့ရှိ

တာချီလိတ်တွင် အတည်ပြုလူနာနှင့်အတူ လေယာဉ်စီးလာသည့် ခရီးသည်များထဲက ကျန်ရှိတစ်ဦးကို ဧပြီလ(၁၉)ရက်နေ့ နံနက်ပိုင်းက ရှာဖွေတွေ့ရှိ
ဧပြီ 19, 2020
By Tachileik News Agency
တာချီလိတ်တွင် အတည်ပြုလူနာနှင့်အတူ လေယာဉ်စီးလာသည့် ခရီးသည်များထဲက ကျန်ရှိတစ်ဦးကိုဧပြီလ(၁၉)ရက်နေ့ နံနက်ပိုင်းက ရှာဖွေတွေ့ရှိ

ဧပြီလ(၁၈)ရက်နေ့က အတည်ပြုလိုက်သည့် တာချီလိတ်မြို့မှ COVID 19 အတည်ပြုလူနာ (case 96) ဖြစ်သူနှင့်အတူ လိုက်ပါစီးနှင်းလာပြီး အဆက်အသွယ်မရသော ခရီးသည်အမျိုးသမီး တစ်ဉီးအား ဧပြီလ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း ကျန်းမာရေးက ပြောကြားလာသည်။

''ကချင်ရွာထဲက တွေ့တယ်၊ သူ့ယောက်ျားနဲ့အတူနေ နေတာ၊ ကျွန်တော်တို့ ဆက်သွယ်ရရှိသူ အားလုံးကို Home Quarantine ထား ထားတယ်။ ဖုန်းနံပါတ်တွေ လိပ်စာတွေ အကုန်ယူထားတယ်။ ထူးခြားမှု တစ်ခုခုရှိလာရင် ဓါတ်ခွဲနမူနာတွေ ယူပြီး ပို့ရမှာ၊ အခုလောလောဆယ်က ဓါတ်ခွဲနမူနာယူရမဲ့ လူတွေက များနေတယ်"ဟု တာချီလိတ်ခရိုင်ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၉)ရက်နေ့ နံနက်ပိုင်းက ပြောသည်။

၂၀၂၀ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့ နေ့လယ် (၁၁) နာရီက ရန်ကုန်မှ တာချီလိတ်သို့ စီးနင်းလာသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (UB 275) ဖြင့် case 96 နှင့်အတူလိုက်ပါလာသည့် ခရီးသည်များအားလုံးထဲက ကျန်ရှိသည့် တစ်ဦးကို ဧပြီလ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် ရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း ဧပြီလ(၁၈)ရက်နေ့က အတည်ပြုလိုက်သည့် case 96 အပါအဝင် လိုက်ပါလာသူ (၁၂)ဦးရှိရာ (၁၂)ဦးတွင် တာချီလိတ်၊ မိုင်းဆတ် နှင့် တာလေမြို့များက ပါဝင်ပြီး အဆင့်ဆင့် ကူညီချိတ်ဆက်မှုကြောင့် အားလုံးကို ရှာဖွေတွေ့ရှိထားကာ အားလုံး၏ အချက်အလက်များကို ရယူထားကြောင်းနှင့် သက်ဆိုင်ရာများမှ Home Quarantine အဖြစ် စောင့်ကြည့်ပေးထားကြောင်းအပြင် လိုအပ်လာပါက ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့မှ အတည်ပြုလူနာ (Case 96)နှင့် ထိတွေ့မှုရှိ၍ ခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန် (၁၀) ဦးအပါအဝင် ကျန်းမာရေးဌာနမှ အသွားအလာကန့်သတ်ထားသူ (၂၁) ဦးလုံးကို ယနေ့ ဧပြီလ (၁၉) ရက်နေ့တွင် ဓါတ်ခွဲနမူနာများ ရယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာ (Case 96)အား ဧပြီလ(၁၉)ရက်နေ့ နေ့လည်ပိုင်းတွင် ကျိုင်းတုံဆေးရုံသို့ လွှဲပြောင်းပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~