တာချီလိတ်တွင် (၁၄)ရက်အကြာ သီးသန့် စောင့်ကြည့်ပေးထားသည့် (၉၂)နှစ်ဦးကို ကျန်းမာရေးထောက်ခံစာများ ထုတ်ပေးပြီး လမ်းစရိတ်နှင့်ကားစီစဉ်ပေးကာ နေရပ်အသီးသီးသို့ ပြန်ပို့

တာချီလိတ်တွင် (၁၄)ရက်အကြာ သီးသန့် စောင့်ကြည့်ပေးထားသည့် (၉၂)နှစ်ဦးကို ကျန်းမာရေးထောက်ခံစာများ ထုတ်ပေးပြီး လမ်းစရိတ်နှင့်ကားစီစဉ်ပေးကာ နေရပ်အသီးသီးသို့ ပြန်ပို့
ဧပြီ 5, 2020
By Tachileik News Agency
တာချီလိတ်တွင် (၁၄)ရက်အကြာ သီးသန့် စောင့်ကြည့်ပေးထားသည့် (၉၂)နှစ်ဦးကို ကျန်းမာရေးထောက်ခံစာများ ထုတ်ပေးပြီး လမ်းစရိတ်နှင့်ကားစီစဉ်ပေးကာ နေရပ်အသီးသီးသို့ ပြန်ပို့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် (၁၄)ရက်အကြာ စောင့်ကြည့်ပေးထားသည့် မြန်မာနိုင်ငံသား (၉၂)ဦးသည် ၂၀၂၀ခုနှစ် ဧပြီလ(၅)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ နှင့် အလှူရှင်များ၏ စီစဉ်မှုဖြင့် စီးလုံးငှားယာဉ်နှင့် နေရပ်အသီးသီး ပြန်သွားပြီဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသား (၉၂)ဦးသည် ပြည်တော်ပြန်များ မဟုတ်ဘဲ ထိုင်းနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်စေ့ လွှတ်မြောက်လာပြီး ထိုင်းနိုင်ငံဘက်က မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂) တံတားမှ တဆင့် တာချီလိတ်သို့ ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့က လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများဖြစ်သည်။

အဆိုပါ (၉၂)ဦးသည် ဒေသအသီးသီးမှ ဖြစ်၍ အုပ်စု(၃)စုခွဲကာ ကားစီးလုံးငှားပေးခြင်း၊ လမ်းစရိတ်သီးခြားထောက်ပံ့ခြင်းများကို စီစဉ်ပေးလိုက်ကြောင်း သိရသည်။

အုပ်စု (၃)စု ခွဲလိုက်တာ။ ရှမ်းတောင်ဝန်းကျင်က တစ်အုပ်စုပေါ့၊ သူတို့က တောင်ကြီးအထိဆိုတော့ ကားတစ်စီးပေါ့၊ သူတို့ကို ခရီးစရိတ်သပ်သပ် ကျပ်(၅၀၀၀)စီ၊ မန္တလေးတို့ စစ်ကိုင်းတို့ ချင်းပြည်နယ်ဘက်သို့ တက်တဲ့ အုပ်စုကို မန္တလေးအထိပို့တာပေါ့၊ သူတို့က (၁၀)ယောက်တစ်ဖွဲ့ရှိတာ ကားတစ်စီးသပ်သပ်ပေါ့၊ သူတို့ကျတော့ ငွေ(၁၀,၀၀၀)၊ နောက် ရန်ကုန်ကျတော့ နေပြည်တော်တို့၊ ပဲခူးတို့၊ ဧရာဝတီတို့၊ မွန်တို့ အဲ့ဒီလမ်းကြောင်းပေါ့၊ သူတို့ကျတော့ ကားက(၄)စီး၊ သူတို့က (၇၂)ယောက်ရှိတာ၊ သူတို့ကျတော့ လမ်းစရိတ် တစ်ယောက်ကို ကျပ်(၁၅,၀၀၀)စီ၊ နံနက်စာကျွေးလိုက်တယ်၊ နေ့လည်စာလည်း ထည့်ပေးလိုက်တယ်

ဟု တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း အချို့ယာဉ်လိုင်း တော်တော်များမှာ ပြေးဆွဲခြင်း မပြုလုပ်တော့ဘဲ ရပ်နားထားသည်များ ရှိသည့်အတွက် ယခင်ကလို ကားလက်မှတ်ဖြတ်၍ မရတော့ဘဲ ကားစီးလုံးငှားပေးရသည့် အတွက်ကြောင့် ခရီးစရိတ် အပါအဝင် ကျပ်သိန်း(၈၀)ဝန်းကျင် ကုန်ကျကြောင်း သိရသည်။

အရင်လို ကားလိုင်းတွေထွက်ရင် ကျွန်တော်တို့ဘက်က ကားလက်မှတ်ဝယ်ပေးလိုက်ရုံပဲ အခုချိန်မှာက ကားလိုင်းတွေက မထွက်တော့ဘူး၊ အခုက အသွားအပြန်အတွက် ငှားပေးလိုက်ရတာ၊ အသွားအတွက်ရော အပြန်အတွက်ရော ပေးရတော့ နှစ်ဆကုန်တာပေါ့၊ အဲ့လိုစီစဉ်ပေးတော့ ကားဖိုးတင် သိန်း(၆၀)ကျော်လောက်ကျတယ်၊ လမ်းစရိတ် ထောက်ပံ့ပေးတာက (၁၂)ခွဲဆိုတော့ သိန်း(၈၀)လောက်ကုန်တာပေါ့

ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

အဆိုပါကုန်ကျသည့် ငွေများသည် တာချီလိတ်ခရိုင်အဆုတ်ရောင်ရောဂါ 2019 Novel Corona Virus (2019-n Cov)ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီသို့ တာချီလိတ်မှ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် စေတနာရှင်များပါ လှူဒါန်းပေးထားသည့် အလှူငွေများထဲက ယခုလို ထုတ်နုတ်သုံးစွဲခြင်းဖြစ်ကြောင်း သိရသည်။

ဒေသအသီးသီးသို့ ပြန်မည့်သူများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင် နှင့် ကော်မတီဝင်များ၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်အောင် နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဌ၊ တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဌ ဦးချမ်းမြေ့စော နှင့် ကော်မတီဝင်များ အပါအဝင်မှ လာရောက်ပြီး တာချီလိတ်တွင် (၁၄)ရက် စောင့်ကြည့်ပြီးသူများကို ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ (၁၄)ရက်စောင့်ကြည့်ပြီးစီးကြောင်း ထောက်ခံစာများကိုလည်း (၉၂)ဦးလုံးကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးတို့ (၃)ဦးပါ လက်မှတ်ဖြင့် ထုတ်ပေးလိုက်ကြောင်းလည်း သိရှိရသည်။

အဆိုပါ (၉၂)ဦးသည် ပြည်တော်ပြန်များ မဟုတ်ဘဲ အကျဉ်းထောင်အသီးသီးက ပြန်လည်လွတ်မြောက်လာပြီး ထိုင်းဘက်က လာရောက်လွှဲပြောင်းပေးလာသူများဖြစ်သည့် အတွက် ၎င်းတို့သည် အဆင်မပြေကြသူများဖြစ်သည့်အပြင် ငွေကြေးပါလာသူများ မဟုတ်သည့်အတွက် ခရီးစရိတ်နှင့် ကားစီစဉ်ပေးရခြင်းဖြစ်ပြီး ပြည်တော်ပြန်များကိုတော့ ယခုလို စီစဉ်ပေးမည် မဟုတ်ကြောင်း သိရသည်။

(၁၄)ရက်ကြာ သီးသန့်စောင့်ကြည့်ပေးနေရသည့်ကာလအတွင်း တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့များ၊ ကြက်ခြေနီ နှင့် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် စေတနာ့ဝန်ထမ်းများက ကူညီစောင့်ရှောက်ပေးထားပြီး၊ စားသောက်ရေးကိစ္စနှင့်ပတ်သက်၍ စေတနာရှင်အလှူရှင်များက နေ့စဉ်လာရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~