ကျိုင်းတုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသူ (၃၃၅)ဦးတွင် နိုင်ငံခြားသား (၃၁)ဦးပါဝင်

ကျိုင်းတုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသူ (၃၃၅)ဦးတွင် နိုင်ငံခြားသား (၃၁)ဦးပါဝင်
ဧပြီ 17, 2020
By Tachileik News Agency
ကျိုင်းတုံအကျဉ်းထောင်မှ  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသူ  (၃၃၅)ဦးတွင် နိုင်ငံခြားသား (၃၁)ဦးပါဝင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူများအနက်  မြန်မာနှစ်သစ်ကူး အထိမ်းအမှတ် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသူ  (၃၃၅)ဦးတွင် နိုင်ငံခြားသား (၃၁)ဦးပါဝင်ကြောင်း သိရသည်။

လွတ်မြောက်လာသည့် နိုင်ငံခြားသား (၃၁)ဦးတွင် ထိုင်းနိုင်ငံသား (၂၆)ဦး၊ တရုတ်နိုင်ငံသား (၄)ဦးနှင့် လာအိုနိုင်ငံသား (၁)ဦးတို့ ပါဝင်ကြောင်း သိရသည်။

ဒီကနေ ပြန်မယ့်သူတွေအတွက် ယာဉ်လိုင်းတွေကပိတ်နေတော့ သူတို့ပြန်နိုင်ဖို့ မထသနဲ့ ညှိနေတယ်။ တာချီလိတ်ပြန်မယ့်သူက (၁၂၃)ယောက်လောက်ရှိတယ်။ တာချီလိတ်ကလူတွေကို ကား (၃)စီးနဲ့ တာချီလိတ် ရဲစခန်းကို ပို့မယ်။ ရဲစခန်းမှာ မိုင်းဆတ်ကနေ လွတ်လာသူတွေထဲက ကျိုင်းတုံပြန်မယ့်သူတွေကို ပြန်ခေါ်လာမယ်။ အခု ကားခလိုတဲ့အတွက် တာချီလိတ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်ကို အကူအညီတောင်းတော့ အဲဒီက ဟိုတယ်လုပ်ငန်းရှင်ထဲက ဦးထွန်းနေဦးက လှူပေးတယ်ပြောတယ်။ ကားခတော့ ရလာပြီ။ အခု ပို့ဖို့ စီစဉ်နေတယ်

ဟု ကျိုင်းတုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့တွင် နိုင်ငံတော် သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့်  အကျဉ်းထောင်၊ အကျဉ်းစခန်းအသီးသီး ၌ ပြစ်ဒဏ်ကျခံနေရသူများအနက် လွတ်မြောက်လာသူ မြန်မာနိုင်ငံသား(၂၄၈၉၆)ဦးနှင့် နိုင်ငံခြားသား (၈၇)ဦးတို့ရှိခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က)အရ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့မတိုင်မီ ပြစ်ဒဏ်ကျခံနေရသူများ သေဒဏ်ကျခံနေရသူကို ထောင်ဒဏ်တစ်သက်(လွတ်ရက်မရှိ) သို့လည်းကောင်း၊ ယခင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ခံစားခွင့်မရသေးသည့် နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ကျခံနေရသူကို ထောင်ဒဏ် နှစ် (၄၀)သို့လည်းကောင်း၊ ထောင်ဒဏ်နှစ် (၄၀)အထက် ကျခံနေရသူကို ထောင်ဒဏ် နှစ် (၄၀)သို့လည်းကောင်း၊ ထောင်ဒဏ် နှစ် (၄၀)နှင့်အောက် ကျခံနေရသူများကို ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံသို့လည်းကောင်း လျှော့ပေါ့ကျခံခွင့်ပေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - WNS


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~