တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သံသယ လူနာတစ်ဦးထပ်တိုး

တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သံသယ လူနာတစ်ဦးထပ်တိုး
မတ် 29, 2020
By Tachileik News Agency
တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သံသယ လူနာတစ်ဦးထပ်တိုး

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့က စောင့်ကြည့်လူနာ (၁)ဦးနှင့် ဆေးရုံတွင် (၁၄)ရက် သီးသန့်ထားရှိစောင့်ကြည့်ရမည့်သူ (၁)ဦး ထပ်တိုးလာသဖြင့် ဆေးရုံ၌ ဓါတ်ခွဲအဖြေစောင့်ရမည့်သူ (၃)ဦး ရှိလာပြီဖြစ်သည်။

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာမှ အသက် (၇၂)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ချောင်းဆိုး၊ လည်ချောင်းနာ၊ ခေါင်းကိုက်၊ အန်ခြင်းစသည့် ရောဂါလက္ခဏာများ တွေ့ရပြီး တစ်အိမ်ထဲအတူနေသည့် ၎င်း၏ သားဖြစ်သူမှာ မတ်လ (၂၀)ရက်နေ့က မယ်ဆိုင်ဘက်သွားရောက်စဉ် ကိုရိုနာဗိုင်းရပ်စ်သံသယစောင့်ကြည့်ထားသူ (၁)ဦးနှင့် ထိတွေ့ခဲ့ကြောင်း သိရသဖြင့် အသက် (၇၂)နှစ်အရွယ် အမျိုးသားကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ပြီး မယ်ဆိုင်ဘက်သွားခဲ့သည့် ၎င်း၏သားဖြစ်သူမှာ ကျန်းမာရေးကောင်းနေသော်လည်း ဆေးရုံတွင် (၁၄)ရက် စောင့်ကြည့်ရန် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သူ့သားက မယ်ဆိုင်ဘက်က အိမ်တက်သွားလိုက်တယ်ပြောတယ်။ (၂၀)ရက်နေ့က။ သူ့အဖေက (၇၂)နှစ်ကိုခုမှ ချောင်းဆိုးတာ (၅)ရက်၊ လည်ချောင်းနာတယ် (၂)ရက်၊ ခေါင်းကိုက်တယ်၊ အန်တယ်ပေါ့။ ဖျားတာတော့ မဖျားဘူး။ အဲဒီကျတော့ သူ့ကို စောင့်ကြည့်လူနာ သတ်မှတ်လိုက်တယ်။ သူ့သား မယ်ဆိုင် အိမ်တက်သွားတုန်းက အဲဒီဘက်က သံသယစောင့်ကြည့်နေသူနဲ့ ထိတွေ့ခဲ့တာရှိတယ်။ စောင့်ကြည့်ဆိုတာ Positive၊ Negative တော့ အဖြေမထွက်သေးဘူးပေါ့။ သူ့အဖေက နဂိုကတည်းကလည်း ပန်းနာရင်ကြပ်အခံရှိတယ်။ နေ့တိုင်းသွားစစ်ပေးဖို့လည်း အဆင်မပြေတော့ သူ့အဖေကို စောင့်ကြည့်လူနာအဖြစ်၊ မယ်ဆိုင်ဘက်သွားခဲ့တဲ့ သူ့သားကို ဆေးရုံမှာ သီးခြားစောင့်ကြည့်အဖြစ် ခေါ်ထားလိုက်တယ်

ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ မတ်လ (၂၈)ရက်နေ့အထိ ဓါတ်ခွဲစစ်ဆေးထားသည့် စောင့်ကြည့်လူနာ (၁၁)ဦးအနက် ဓါတ်ခွဲအဖြေစောင့်ဆိုင်းနေသူ (၂)ဦးကျန်ရှိခဲ့ပြီး မတ်လ (၂၉)ရက်နေ့၌ ဓါတ်ခွဲစစ်ဆေးရမည့် စောင့်ကြည့်လူနာ (၁)ဦးနှင့် ဆေးရုံ၌ (၁၄)ရက် သီးခြားစောင့်ကြည့်သူ (၁)ဦး ထပ်တိုးလာခြင်းဖြစ်သည်။

ယင်းအပြင် တာချီလိတ်ရှိ မိုးကုတ်တရားရိပ်သာတစ်ခု၌ (၁၄)ရက် သီးခြားစောင့်ကြည့်ထားသူ (၈၅)ဦးလည်း ရှိနေခြင်းဖြစ်သည်။

တာချီလိတ်နှင့် နယ်စပ်ဖြစ်သည့် မယ်ဆိုင်မြို့တွင် အတည်ပြုလူနာ (၂)ဦးတွေ့ရှိထားခြင်းဖြစ်သည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~