တာချီလိတ်မှ ပြန်သွားသည့် ကျောက်မဲမြို့က ပြည်တော်ပြန် အတည်ပြုလူနာ အခြေအနေ ကောင်းမွန်နေပြီး မိသားစုဝင်များကို စောင့်ကြည့်အဖြစ် ထားရှိ

တာချီလိတ်မှ ပြန်သွားသည့် ကျောက်မဲမြို့က ပြည်တော်ပြန် အတည်ပြုလူနာ အခြေအနေ ကောင်းမွန်နေပြီး မိသားစုဝင်များကို စောင့်ကြည့်အဖြစ် ထားရှိ
မတ် 31, 2020
By Tachileik News Agency
တာချီလိတ်မှ ပြန်သွားသည့် ကျောက်မဲမြို့က ပြည်တော်ပြန် အတည်ပြုလူနာ အခြေအနေ ကောင်းမွန်နေပြီး မိသားစုဝင်များကို စောင့်ကြည့်အဖြစ် ထားရှိ

ရှမ်းပြည်နယ်( မြောက်ပိုင်း )ကျောက်မဲပြည်သူ့ဆေးရုံတွင် Covid-19 အတည်ပြုလူနာအဖြစ် သီးသန့်ထားရှိသည့် အသက် (၂၄)နှစ်အရွယ် အမျိုးသား ၏ ကျန်းမာရေး အခြေအနေကောင်းမွန်ကြောင်း ပြည်သူ့ဆေးရုံအုပ်ကြီးထံက သိရသည်။

လောလောဆယ် အဲ့ဒီလူနာရဲ့ ကျန်းမာရေးအခြေအနေ အထူး ကောင်းမွန်ပါတယ်။ လူနာကို ကျောက်မဲဆေးရုံမှာပဲ ထားရှိပါတယ်။ လူနာရဲ့မိသားစုဝင် (၄)ဦးကိုလည်း သူတို့နေအိမ်မှာပဲ HQ(home quarantine) အဖြစ် ထားရှိပါတယ်

ဟု ကျောက်မဲ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၃၁)ရက်နေ့ နံနက်(၉)နာရီအချိန်က ပြောသည်။

အဆိုပါ လူနာသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ပြန်လာသူဖြစ်ပြီး တာချီလိတ်မြို့ တွင် ၂ ညအိပ်တည်းခိုခဲ့ကာ လေကြောင်းဖြင့် မန္တလေးမြို့သို့ ပြန်လာခဲ့ခြင်းဖြစ်၍မန္တလေးမှ ကျောက်မဲသို့ ကိုယ်ပိုင်ကားဖြင့် ပြန်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

သူ့အိမ်က ကားနဲ့ မန္တလေးလေဆိပ်နားထိ သွားကြိုတာပါ။ သူ့အဖေက ကားမောင်းတာ။ ကားပေါ်ပါလာသူတွေထဲက လူငယ်တစ်ယောက်က မြစ်ကြီးနား သွားဖို့ဆိုပြီး ပြင်ဦးလွင်မှာ ဆင်းသွားတယ်။ နောက်တစ်ခြားသူအချို့လဲ မိုးကုတ်ဘက်ကိုသွားဖို့ ကားပေါ်က ဆင်းသွားတာရှိခဲ့တယ်

ဟု ၎င်းလူနာနှင့် ခရီးအတူသွားခဲ့သူ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အတည်ပြုလူနာ အမျိုးသားသည် ကျောက်မဲမြို့ ခိုမုန်းကျေးရွာအုပ်စုရှိ ကျေးရွာတစ်ခုရှိနေအိမ်သို့ မတ်လ (၂၇) ရက် ညပိုင်းက ရောက်ရှိကာ ဖျားနာလာသဖြင့် မတ်လ (၂၈)ရက် ညပိုင်းတွင် ကျောက်မဲခရိုင်ပြည်သူ့ ဆေးရုံသို့ ရောက်ရှိကာ သံသယ လူနာအဖြစ် သီးသန့်ကုသမှု ခံယူနေရခြင်း ဖြစ်ကာ မတ်လ (၃၀) ရက်တွင် အတည်ပြု လူနာအဖြစ်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

လက်တလောတွင် ၎င်းလူနာ၏ နေအိမ်နှင့် မိသားစုကို နေအိမ်တွင် သီးသန့်စောင့်ကြည့်ရန် ခရိုင်ပြည်သူ့ကျန်းမာရေးက ကန့်သတ် သတ်မှတ်ထားပြီး ၎င်းလူနာ အားဆေးရုံသို့ပို့ဆောင်စဉ်က ယာဉ်ပေါ်ပါအခြား အမျိုးသားတစ်ဦး ကိုလည်း နေအိမ်အတွင်း (၁၄) ရက်သီးသန့်နေစေရန် ကန့်သတ်ထားသည်ဟု သိရသည်။

အဆိုပါ အမျိုးသားသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ ဝင်ရောက်ပြီး တာချီလိတ်တွင် မတ်လ(၂၅)ရက်နေ့မှ မတ်လ(၂၇)ရက်နေ့အထိ (၂)ရက် နေထိုင်သွားခဲ့သည့်အတွက် တာချီလိတ်မှ တာဝန်ရှိသူများကလည်း  တာချီလိတ်မြို့တွင်း သွားရောက်ခဲ့သည့် လမ်းကြောင်းများဖော်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~