ထိုင်းရှော့ပင်းစင်တာတွင် သေနတ်သမား စစ်သားနှင့်အတူ ပိတ်မိနေသူများကို ခေါ်ထုတ်ထားနိုင်ပြီး သေနတ်သမားကို ဒုတိယမြောက်နေ့ ဆက်လက်ရှာဖွေနေရဆဲ

ထိုင်းရှော့ပင်းစင်တာတွင် သေနတ်သမား စစ်သားနှင့်အတူ ပိတ်မိနေသူများကို ခေါ်ထုတ်ထားနိုင်ပြီး သေနတ်သမားကို ဒုတိယမြောက်နေ့ ဆက်လက်ရှာဖွေနေရဆဲ
ဖေဖော်ဝါရီ 9, 2020
By 🌸

ထိုင်းရှော့ပင်းစင်တာတွင် သေနတ်သမား စစ်သားနှင့်အတူ ပိတ်မိနေသူများကို ခေါ်ထုတ်ထားနိုင်ပြီး သေနတ်သမားကို ဒုတိယမြောက်နေ့ ဆက်လက်ရှာဖွေနေရဆဲ

ထိုင်းနိုင်ငံ၊ နခွန်ရတ်ချစီမာခရိုင်ရှိ Terminal 21 ရှော့ပင်းစင်တာအတွင်း သေနတ်သမား စစ်သားနှင့်အတူ ပိတ်မိနေသည့် ရာနှင့်ချီသော လူများကို ရဲနှင့်စစ်တပ်ပူးပေါင်းအဖွဲ့က ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈)ရက်နေ့ ညပိုင်းတွင် ကယ်တင်နိုင်ခဲ့ပြီး ဖေဖေါ်ဝါရီလ (၉)ရက်နေ့ နံနက်ပိုင်းအထိ သေနတ်သမားကို ရှာဖွေနေရဆဲဖြစ်ကာ စင်တာအတွင်း ပစ်ခတ်သံများကြားရကြောင်း သိရသည်။

ဆူရတ်ထပီတက်ခ်တပ်စခန်းတွင် ဖေဖေါ်ဝါရီလ (၈)ရက်နေ့ ညနေ (၃)နာရီခွဲဝန်းကျင်၌ တပ်ကြပ်တစ်ဦးက အထက်အရာရှိတစ်ဦးအပါအဝင် (၃)ဦးကို ပစ်သတ်ကာ သေနတ် (၃)လက်၊ ကျည် (၇၀၀)တောင့်နှင့် ကားတစ်စီးယူဆောင်ထွက်ခွာသွားပြီး မြို့တွင်းလမ်းတလျှောက် တွေ့သမျှကို ပစ်ခတ်သွားကာ ပိတ်ရက်ဈေးဝယ်သူများဖြင့် စည်ကားနေသည့် Terminal 21 တွင်း ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် Terminal 21 ရှိ စားသောက်ဆိုင်တန်းမှ ဂက်စ်အိုးတစ်လုံးကို ပစ်ခတ်ခဲ့သည့်အပြင် ရှော့ပင်းစင်တာအတွင်း လေးလွှာတွင် ဓါးစာခံများကိုလည်းထိန်းသိမ်းထားသဖြင့် ထိုင်းရဲနှင့်စစ်တပ် ပူးပေါင်းအဖွဲ့က သေနတ်သမားကို ဖမ်းဆီးရေးနှင့် ဓါးစာခံများလွတ်မြောက်ရေး ကြိုးပမ်းနေကြခြင်းဖြစ်သည်။

ဖေဖေါ်ဝါရီလ (၈)ရက်နေ့ ည (၉)နာရီ (၄၅)မိနစ်အချိန် ကာကွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်အရ လူပေါင်း (၂၀)ကျော် သေဆုံးသွားသည်ဟု သိရပြီး (၃၁)ဦး ဒဏ်ရာရထားသည့်အနက် အချို့မှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေကြောင်း သိရသည်။

အဆိုပါ တပ်ကြပ်က ၎င်း၏ပစ်ခတ်မှုများကို facebook တွင် live ထုတ်လွှင့်မှုပြုလုပ်ခဲ့ရာ Facebook က အကောင့်ကိုဖျက်ပစ်လိုက်ကြောင်း သိရသည်။

သေနတ်ပစ်တွင် ငွေတံဆိပ်ဆုရထားသည့် သေနတ်သမားထံမှ ဓါးစာခံများလွတ်မြောက်ရေးအတွက် ၎င်း၏ မိခင်ဖြစ်သူအကူအညီဖြင့် ဖျောင်းဖြရန် ရဲတပ်ဖွဲ့က ကြိုးစားခဲ့သည်ဟုလည်း သိရသည်။

သေနတ်သမားခိုအောင်းနေရာ Terminal 21 ဝန်းကျင်ကို ဖေဖေါ်ဝါရီလ (၈)ရက်နေ့ ညပိုင်းက ပိတ်ဆို့လိုက်ကာ အနီးဝန်းကျင်နေထိုင်သူများ အခန်းတွင်းသာနေထိုင်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ညွှန်ကြားချက်အား လိုက်နာရန် သတိပေးထားရပြီး ရှော့ပင်းစင်တာအတွင်း ပိတ်မိနေသူများအား ရဲနှင့်စစ်တပ် ပူးပေါင်းအဖွဲ့က ကယ်ထုတ်ခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
Source: Khaosod၊ Bangkok Post

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~