RCSS/SSA က ကျောက်မဲမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးနှင့် မူးယစ်ဆေး သယ်ဆောင်သူများကို အစိုးရနှင့် တပ်မတော်ထံ လွှဲပြောင်း

RCSS/SSA က ကျောက်မဲမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးနှင့် မူးယစ်ဆေး သယ်ဆောင်သူများကို အစိုးရနှင့် တပ်မတော်ထံ လွှဲပြောင်း
ဖေဖော်ဝါရီ 19, 2020
By 🌸

RCSS/SSA က ကျောက်မဲမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးနှင့် မူးယစ်ဆေး သယ်ဆောင်သူများကို အစိုးရနှင့် တပ်မတော်ထံ လွှဲပြောင်း

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း RCSS/SSA က ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ အတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး သယ်ဆောင်သူ (၆)ဦးနှင့် မူးယစ်ဆေးဝါးများအား  အစိုးရ တာဝန်ရှိသူများထံ ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့ ညနေ (၃)နာရီ၌ လွှဲပြောင်းပေးအပ်သည်။

ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးသယ်သူနှင့် မူးယစ်ဆေးများကို ကျောက်မဲမြို့နယ် မန်ကျောင်းကျေးရွာအုပ်စု၊ မန်ကျောင်းကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ RCSS/ SSA က လွှဲပြောင်းပေးခြင်းဖြစ်သည်။

“RCSS/ SSA အနေနဲ့ အခုလို ဖမ်းမိထားတဲ့မူးယစ်ဆေးဝါးတွေကို အရင်ကလည်း ရဲတပ်ဖွဲ့နဲ့ တပ်မတော်တို့ကို လွှဲပြောင်းပေးဖူးပါတယ်။ နိုင်ငံတော်အစိုးရကို လွှဲပြောင်းပေးတာကတော့ ဒါက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အစိုရရဲ့မူဝါဒတွေ RCSS ရဲ့ မူဝါဒတွေနဲ့အညီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို ဆက်လုပ်သွားမှာ ဖြစ်ပါတယ်”

ဟု RCSS/ SSA ၏ ကျောက်မဲမြို့နယ် ဆက်ဆံရေးရုံးတာဝန်ခံ မနန်းမိုးမိုးစောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

RCSS/ SSA က ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့နှင့် (၁၈) ရက်နေ့များ၌ အဆိုပါ မူးယစ်ဆေးသယ်သူ (၆)ဦး၊ ဘိန်းဖြူ (၃၀၀)ဂရမ်နှင့် စိတ်ကြွဆေးပြားအနည်းငယ်တို့ကို ဖမ်းမိထားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးနှင့် မူးယစ်ဆေးသယ်သူများကို RCSS/SSA က နိုင်ငံတော်အစိုးရနှင့် တပ်မတော်ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ (၁၈) ရက်နေ့ကလည်း ကျောက်မဲမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး အများအပြားနှင့် မော်တော်ယာဉ်တစ်စီးကို တပ်မတော်မှတစ်ဆင့် ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ထားခြင်းဖြစ်သည်။

NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးဆွေးနွေးရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသည့် RCSS/SSA က ဒေသတွင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းများကို NCA ပါ သဘောတူညီချက်အတိုင်း ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။

Tachileik News Agency
သတင်း/ ဓါတ်ပုံ -နေဖြိုးမြင့်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~