တာချီလိတ်တွင် အလုပ်လက်မဲ့ ဖြစ်သွားသူထဲမှ နောက်တစ်ဖွဲ့က အလုပ်အကိုင်သစ် ရရှိရေးအတွက် အလုပ်သမားရုံးတွင် အကူအညီတောင်းခံ

တာချီလိတ်တွင် အလုပ်လက်မဲ့ ဖြစ်သွားသူထဲမှ နောက်တစ်ဖွဲ့က အလုပ်အကိုင်သစ် ရရှိရေးအတွက် အလုပ်သမားရုံးတွင် အကူအညီတောင်းခံ
ဖေဖော်ဝါရီ 14, 2020
By Tachileik News Agency
တာချီလိတ်တွင် အလုပ်လက်မဲ့ ဖြစ်သွားသူထဲမှ နောက်တစ်ဖွဲ့က အလုပ်အကိုင်သစ် ရရှိရေးအတွက် အလုပ်သမားရုံးတွင် အကူအညီတောင်းခံ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ကာစီနိုနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများ ပိတ်သိမ်းလိုက်သဖြင့် အလုပ်လက်မဲ့ဖြစ်သွားသည့် ဝန်ထမ်းအချို့က အလုပ်အကိုင်သစ်ရရှိရေး ကူညီပေးရန် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းက အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ လာရောက်အကူအညီတောင်းခံကြသည်ကို တွေ့ရသည်။

"ဌာနသည် ပြည်သူလူထုကို ဝန်ဆောင်မှုပေးနေတဲ့ ဌာနဖြစ်တဲ့အတွက် ဖြေရှင်းပေးပါတယ်။ တကယ်လို့ ဖြစ်လာပြီဟေ့ဆိုရင် အစိုးရဌာနကတော့ ဘယ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အလုပ်ရှင်နဲ့ အလုပ်သမား အဆင်မပြေတာတွေ၊ တစ်ခုခုဖြစ်လာရင် တိုင်ကြားလာတဲ့အပေါ်မှာ ဖြေရှင်းပေးနေရတဲ့ကိစ္စတွေရှိတယ်။ ဖြေလည်း ဖြေရှင်းပေးနေတယ်"ဟု တာချီလိတ်မြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ချယ်ရီဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ ခရီးစဉ်အတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲ၌ နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ လောင်းကစားလုပ်ငန်းများကို ထိန်းသိမ်းကြပ်မတ်ရန် ညွှန်ကြားလိုက်ပြီးနောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ယင်းနေ့မှာပင် တာချီလိတ်မှ ငါးမန်းဂိမ်းဆိုင်အချို့ကို ဖမ်းဆီးလိုက်ပြီး ဟိုတယ် (၂၉)လုံးမှ တာဝန်ရှိသူများကို လောင်းကစားလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန် ခံဝန်ကတိလက်မှတ်ရေးထိုးထားစေခြင်းဖြစ်သည်။

"ကျွန်တော်တို့ နယ်ဝေးက လာတာဆိုတော့ အဆောင်မှာနေရတော့ ဒုက္ခရောက်တာပေါ့။ ဒါကြောင့် အလုပ်သမားရုံးကိုလာပြီး အကူအညီတောင်းတာပေါ့။ သူတို့ကတော့ အထက်ကို တင်ပြပေးမယ် ပြောတယ်။ ကျွန်တော်တို့ကတော့ မျှော်လင့်နေတာပေါ့။ သူတို့ကူညီပေးမယ် ပြောတယ်။ အလုပ်တွေ ပြန်ရဖို့ပဲမျှော်လင့်တယ်"ဟု ဧရာဝတီတိုင်းမှ လာရောက် အလုပ် လုပ်ကိုင်နေသည့် ဦးမင်းသူအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ရှိ ကာစီနိုနှင့် လောင်းကစားလုပ်ငန်းများ ပိတ်သွားပြီးနောက် အလုပ်ရပ်နားခံရသည့် ဝန်ထမ်းအချို့မှာ လုပ်ခလစာမရသူများလည်းရှိသဖြင့် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ လာရောက်အကူအညီတောင်းခြင်းဖြစ်သည်ဟု အလုပ်သမားများထံမှ သိရသည်။
     
"လောင်းကစားဥပဒေတွေက ဒီဌာနနဲ့ သိပ်မဆိုင်ဘူးပေါ့။ ဒီဥပဒေက အမှန်တကယ် အတည်ပြုထားလို့ ဒီဥပဒေအရ ဒီလောင်းကစားဝိုင်းတွေသည် အမှန်တကယ်ဖွင့်လှစ်ခွင့်ရှိတယ်ဆိုရင် ရှိလာခဲ့ရင် လောင်းကစားဝိုင်းတွေက တရားဝင်ဖွင့်ထားတာဖြစ်တဲ့အတွက် လုပ်တဲ့လုပ်သားအင်အားတွေသည် အစိုးရဌာနနဲ့ အမှန်တကယ်ပဲ ချိတ်ဆက်ပြီးတော့မှ အလုပ်သမားခန့်ထားရေးတွေ၊ အလုပ်ရှင် အလုပ်သမားစာချုပ်တွေကို အစိုးရနဲ့ ပူးပေါင်းပြီးတော့မှ ဆောင်ရွက်လို့ရတယ်။ ဒါဆို အကာအကွယ် အပြည့်အဝရတယ်။ လက်ရှိမှာတော့ တရားဥပဒေလမ်းကြောင်းအရ ဘောင်မဝင်ဘူးပေါ့နော်"ဟု တာချီလိတ်မြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ချယ်ရီဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အလုပ်ရပ်နားခံလိုက်ရသည့် အလုပ်သမား (၇၀) ဦးက အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ လာရောက် အကူအညီတောင်းခံထားသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်တွင် လူဦးရေအများအပြားကို အလုပ်ခန့်ထားနိုင်သည့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများမရှိဘဲ ယခင်က တာချီလိတ်သို့ လာရောက်သည့် ရွှေ့ပြောင်းလုပ်သားအများစုသည် ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်သို့ အလုပ်သွားရောက်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ် လောင်းကစားဥပဒေကို ဖျက်သိမ်းလိုက်ပြီး လောင်းကစားဥပဒေသစ်ကို ၂၀၁၉ ခုနှစ် မေလ (၇) ရက်နေ့တွင် နိုင်ငံတော်သမ္မတက အတည်ပြုပြဌာန်းပေးထားပြီးဖြစ်သော်လည်း နည်းဥပဒေ ရေးဆွဲနေဆဲဖြစ်သည်။

အသစ်ပြဌာန်းလိုက်သည့် လောင်းကစားဥပဒေသစ်တွင် နိုင်ငံခြားသားများကိုသာ သီးသန့်ကစားခွင့်ပြုမည့် ကာစီနိုများကို အကန့်အသတ်ဖြင့် ဖွင့်လှစ်ခွင့်ပေးသွားမည်ဖြစ်သော်လည်း အသေးစိတ် အချက်အလက်များ အတွက် နည်းဥပဒေ ထွက်ရှိလာခြင်းမရှိသဖြင့် တရားဝင် လုပ်ကိုင်နိုင်ခွင့်မရသေးခြင်း ဖြစ်သည်။

လောင်းကစားဥပဒေသစ် မထွက်လာမီက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟိုတယ်များတွင် နိုင်ငံခြားသားများအတွက် သီးသန့် ကာစီနိုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် အညီ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းအရ ကန့်သတ်ဧရိယာများတွင် တည်ရှိသည့် ဟိုတယ်များ၌ လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားခြင်းဖြစ်သည်။       

Tachileik News Agency
သတင်/ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~