တပ်စီးပွားရေး လုပ်ငန်းများအားလုံးကို ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက် လွှဲပြောင်းမည်

တပ်စီးပွားရေး လုပ်ငန်းများအားလုံးကို ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက် လွှဲပြောင်းမည်
ဖေဖော်ဝါရီ 13, 2020
By Tachileik News Agency
တပ်စီးပွားရေး လုပ်ငန်းများအားလုံးကို ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက် လွှဲပြောင်းမည်

စစ်တပ်၏ စီးပွားရေးနှင့် သက်သာချောင်ချိရေးလုပ်ငန်းများ အားလုံးကို ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် ထားရှိရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးတော့မည်ဟု ထိုင်းစစ်ဦးစီးချုပ် အပီရတ်ခွန်ဆမ်ပွန်က ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့တွင် အများပြည်သူသို့ ထုတ်ဖေါ်ပြောကြားလိုက်သည်။

တပ်တွင်း အရာရှိတစ်ဦး၏ ငွေအလွဲသုံးစားပြုလုပ်ခံရသည့် တပ်ကြပ်တစ်ဦးက လူပေါင်းများစွာကို ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ပြည်သူအား တောင်းပန်လိုက်ပြီး ထိုင်းစစ်တပ်သည် ပွင့်လင်းမြင်သာမှုရှိသည့် အဖွဲ့အစည်းဖြစ်စေရမည်ဟု စစ်ဦးစီးချုပ်က ကတိပြုပြောကြားလာခြင်းဖြစ်သည်။

ထိုင်းစစ်တပ်၏ သက်သာချောင်ချိရေး စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲရေး ကနဦးအဆင့်အဖြစ် တပ်ပိုင် ဂေါက်ကွင်း၊ လက်ဝှေ့အားကစားရုံ၊ ပြန်လည်ထူထောင်ရေးနှင့် အပန်းဖြေစခန်းများကို ဘဏ္ဍာရေးဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းစစ်တပ်၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်နေသည့် အဆိုပါ စီးပွားရေးလုပ်ငန်းများကို တပ်တွင်းမှ လူများကိုသာ စီမံခန့်ခွဲနေရာမှ ပြင်ပမှ ကျွမ်းကျင်သူများ ငှားရမ်းကာ လုပ်ငန်းလည်ပတ်သွားမည်ဟု သိရသည်။

ကျွန်တော်တို့ ကိုယ့်လူတွေကိုပဲ နေရာပေးနေတာထက် လုပ်ငန်းကျွမ်းကျင်သူများနဲ့သာ လုပ်ငန်းလည်ပတ်တော့မှာဖြစ်ပါတယ်

ဟု ထိုင်းစစ်ဦးစီးချုပ်က ဆိုသည်။

တပ်ပိုင်စီးပွားရေးလုပ်ငန်းများအား ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်လွှဲပြောင်းပေးမည့် နားလည်မှုစာချွန်လွှာကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့တွင် လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း သိရပြီး ဆောင်န်ဆွန်ပရာဒီပက် ပြန်လည်ထူထောင်ရေးနှင့် အပန်းဖြေစခန်းကို ဧပြီလအတွင်းမှစ၍ ပုဂ္ဂလိကလုပ်ငန်းတစ်ခုက ဦးဆောင်လည်ပတ်သွားနိုင်ဖွယ်ရှိကြောင်း သိရသည်။

တပ်တွင်း အချင်းချင်းအကျိုးစီးပွားပဋိပက္ခကြောင့် ပြည်သူများအစုလိုက် သေကျေခဲ့ရသည့်ဖြစ်စဉ်အပြီးတွင် ထိုင်းစစ်တပ်အနေဖြင့် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု တာဝန်ခံမှုရှိစေရမည်ဟု ထိုင်းစစ်ဦးစီးချုပ်က ကတိပြုလိုက်သည်။

ကတိစကားများသည် အပြောသက်သက်သာ မဖြစ်စေရဘဲ လုပ်ဆောင်မှုများ ရှေ့ဆက်ဆောင်ရွက်မည်ဟု ထပ်လောင်းပြောကြားထားသည်။

တပ်ပိုင်စီးပွားရေးများအား ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင်ရွှေ့မည့် အစီအစဉ်တွင် တပ်ပိုင်မြေများ အသုံးပြုသည့် လုပ်ငန်းများလည်း ပါဝင်သွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံတစ်ခုလုံးတွင် တပ်ပိုင်ဂေါက်ကွင်းပေါင်း (၃၀)ကျော်ရှိနေပြီး လုပ်ငန်းအားလုံးမှာ အမြတ်အစွန်း ရရှိခြင်းလည်း မရှိကြောင်း သိရသည်။

အဆိုပါ ဂေါက်ကွင်းများကို တပ်တွင်း အသုံးပြုနေရာမှ ပြောင်းလဲလိုက်သည့်အစီအစဉ်အရ အများပြည်သူ ဝင်ရောက်ကစားခွင့် ရသွားမည်ဖြစ်သည်။

အလားတူ စတိုးဆိုင်များ၊ ကော်ဖီဆိုင်များမှာလည်း ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက် ရောက်သွားတော့မည်ဖြစ်သည်။

ထိုင်းနိုင်ငံ နခွန်ရတ်ချစီတွင် တပ်တွင်း အထက်အရာရှိ၏ ငွေအလွဲသုံးစားမှုကို မကျေနပ်သည့် တပ်ကြပ်တစ်ဦးက ပစ်ခတ်မှုကြောင့် လူပေါင်း (၃၀) သေဆုံးပြီး (၅၈)ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Soruce: Bangkok Post

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~