ရခိုင်ပြည်နယ်တွင်းက စစ်ဘေးရှောင် အိမ်ထောင်စု (၅)စု မကွေးတိုင်းအတွင်းသို့ ရောက်ရှိလာ၍ ထောက်ပံ့ပေးထား

ရခိုင်ပြည်နယ်တွင်းက စစ်ဘေးရှောင် အိမ်ထောင်စု (၅)စု မကွေးတိုင်းအတွင်းသို့ ရောက်ရှိလာ၍ ထောက်ပံ့ပေးထား
ဖေဖော်ဝါရီ 14, 2020
By Tachileik News Agency

ရခိုင်ပြည်နယ်တွင်းက စစ်ဘေးရှောင် အိမ်ထောင်စု (၅)စု မကွေးတိုင်းအတွင်းသို့ ရောက်ရှိလာ၍ ထောက်ပံ့ပေးထား

ရခိုင်ပြည်နယ်အတွင်း အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာမှနေ၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်သို့ စစ်ဘေးရှောင်လာကြသည့် အိမ်ထောင်စု (၅)စုအတွက် စားနပ်ရိက္ခာ၊ အဝတ်အစား အသုံးအဆောင်များ ပံ့ပိုးပေးထားကြောင်း သိရသည်။
ဇင်ပြွန်းကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာတွင် ရောက်ရှိနေသည့် အဆိုပါ စစ်ဘေးရှောင်များကို ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် စားနပ်ရိက္ခာ၊ အဝတ်အစားနှင့် အသုံးအဆောင်စ္စည်းများ ပေးအပ်ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျွန်တော်တို့ မဲလမောင်းရွာဘက်မှာ တိုက်ပွဲတွေဖြစ်လို့ နေမရတော့တာကြောင့် ကျွန်တော်တို့ မိသားစုတွေ အကုန်လုံး ဒီဘက်ကို ထွက်လာခဲ့ကြတာပါ။ မဲလမောင်းက ထွက်လာခဲ့ကြတာတော့ (၂) လ လောက်ရှိပါပြီ။ အမ်းရဲ့ဒီဘက်ကရွာတွေမှာ တံမြက်စည်းပင်လို့ခေါ်တဲ့ ဘော့ပင်နှုတ်ပြီး ဝမ်းရေး ဖြေရှင်းခဲ့ကြပေမဲ့ အလုပ်ကကြပ်လာလို့ မဲလမောင်းကိုပြန်ဖို့ကလည်း မဖြစ်နိုင်တာကြောင့် ဒီဘက်ကို ရောက်လာခဲ့ကြတာပါ
ဟု ကိုမင်းမင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကိုမင်းမင်းဦးပါ မိသားစု(၅)စုမှာ မကျီးကုန်းကျေးရွာသို့ ဖေဖော်ဝါရီလ(၃)ရက်နေ့က ရောက်ရှိကာ ဇင်ပြွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ သတင်းပို့၍ ခရစ်ယာန်မူကြိုဆရာမ၏နေအိမ်၌ ခိုလှုံနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များက မကျီးကုန်းကျေးရွာတွင် အေးချမ်းလွတ်လပ်စွာ လုပ်ကိုင် စားသောက် နေထိုင်ခွင့်ပြုပါရန် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် မကွေးတိုင်းအစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးတို့ထံသို့ တင်ပြထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (AA) က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းများအား ဝင်ရောက်တိုက်ခိုက်ချိန်မှစ၍ ယခုအချိန်ထိ AA နှင့် တပ်မတော်ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ဖဝေး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~