တာချီလိတ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

တာချီလိတ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ဖေဖော်ဝါရီ 13, 2020
By Tachileik News Agency
တာချီလိတ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် (၆) ချက်ပစ်ခတ်ခံရသည်။

“ ထွန်းလင်းအောင်လမ်းမရောက်ခင် အဲဒီနားလေးက လမ်းဘက်နားရောက်တော့ အသံအကျယ်ကြီး ကြားလိုက်တယ်။ တရုတ်နှစ်ကူးက မပြီးသေးဘူးလားလို့ စိတ်ထဲတွေးလိုက်မိသေးတယ်။ နောက် ကားက ပိတ်သွားတယ်။ ခဏပါပဲ။ အဲဒီမှာ ရှေ့တိုးလို့ရတော့ လူတစ်ယောက် သေနတ်ပစ်ခံရပြီး လဲကျနေတာ တွေ့လိုက်တယ်”ဟု အခင်းဖြစ်ချိန်က အနီးတွင်ရောက်ရှိနေသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ထွန်းလင်းအောင်လမ်း၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်အောင် ဦးစီးသည့် ခရိုင်/မြို့နယ်တပ်ဖွဲ့ဝင်များ၊ နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူပေါင်းအဖွဲ့တို့မှ  စစ်ဆေးမှုများ ဆောင်ရွက်နေလျက်ရှိသည်။

“ အပစ်ခံရတဲ့သူက ကားနဲ့လာတာ။ ကားပေါ်ကဆင်းလာပြီး ကားဘေးရပ်နေတုန်း အပစ်ခံလိုက်ရတာ။ ခရောင်းအမည်းရောင်ကားက ဘေးကရောက်လာပြီး ပစ်သွားတာ”ဟု အခင်းဖြစ်ရပ်ကို မြင်လိုက်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပစ်ခတ်ခံရသူစီးနင်းလာသည့် ကား၏ရှေ့လေကာမှန်တွင် (၁)ချက်၊ ညာဘက် တံခါးတွင် (၃)ချက်၊ တံခါးမှန်တွင် (၂)ချက် ကျည်ဖေါက်ဝင်ထားသည်ကို တွေ့ရပြီး ပစ်ခတ်ခံရသူ အသက်(၄၂)နှစ်ရှိ လီထိုက်ယုံ ဆိုသူအား တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားခြင်းဖြစ်သည်။

ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ကလည်း ထိုင်းနိုင်ငံသားတစ်ဦးက 1 G 1 ဟိုတယ်ရှေ့ရှိ နတ်စင်မှ နတ်ရုပ်အား သေနတ်ဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွား၍ ၎င်းနေထိုင်ရာအိမ်အား ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးအနည်းငယ်နှင့် ဂိမ်းစက်များကို စစ်ဆေးတွေ့ရှိထားခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~