ကျောက်မဲမြို့တွင် အောင်မင်္ဂလာအထွေထွေရောဂါကု အခမဲ့ဆေးခန်းက ဘုန်းကြီးကျောင်း (၃၇)ကျောင်းမှ သံဃာတော် နှင့် ကိုရင် အပါး(၁၅၀၀)ကျော်ကို အလှည့်ကျ လိုက်လံကာ ကျန်းမာရေးစောင့်ရှောက်ပေးနေ

ကျောက်မဲမြို့တွင် အောင်မင်္ဂလာအထွေထွေရောဂါကု အခမဲ့ဆေးခန်းက ဘုန်းကြီးကျောင်း (၃၇)ကျောင်းမှ သံဃာတော် နှင့် ကိုရင် အပါး(၁၅၀၀)ကျော်ကို အလှည့်ကျ လိုက်လံကာ ကျန်းမာရေးစောင့်ရှောက်ပေးနေ
ဖေဖော်ဝါရီ 5, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် အောင်မင်္ဂလာအထွေထွေရောဂါကု အခမဲ့ဆေးခန်းက ဘုန်းကြီးကျောင်း (၃၇)ကျောင်းမှ သံဃာတော် နှင့် ကိုရင် အပါး(၁၅၀၀)ကျော်ကို အလှည့်ကျ လိုက်လံကာ ကျန်းမာရေးစောင့်ရှောက်ပေးနေ

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၃၇)ကျောင်းမှ သံဃာတော်နှင့် ကိုရင်  အပါး(၁,၅၀၀)ကျော်ကို  အောင်မင်္ဂလာအထွေထွေရောဂါကု အခမဲ့ဆေးခန်းမှ ဆေးကုသရေးအဖွဲ့က ဘုန်းတော်ကြီးကျောင်းများအထိ အလှည့်ကျ ကျန်းမာရေးစစ်ဆေးမှုများ လိုက်လံဆောင်ရွက်ပေးနေပြီး ဆေးကုသရန် အခက်အခဲရှိသည့် သံဃာတော်များရှိပါက ဆက်သွယ်နိုင်ကြောင်း သိရသည်။

အဆိုပါ ဆေးကုသအဖွဲ့က ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၄)ရက်နေ့မှစ၍ ပွေး၊ ဝဲ၊ ညှင်း အစရှိသော ရောဂါများနှင့် အထွေထွေရောဂါများအား အခမဲ့ ဆေးကုသမှု စတင်လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

"သံဃာတော်တွေမှာ အဖြစ်များတဲ့ အဲ့ဒီ ရောဂါတွေကို အထူးကုသမှု အနေနဲ့အခမဲ့ လိုက်လံ ကုသပေးတာ ဖြစ်ပါတယ်။ သံဃာတော်တွေက ရောဂါတစ်ခုခုဖြစ်ရင် ဆေးရုံ ဆေးခန်းမှာ သွားပြီးကုသဖို့ အချိန်နဲ့ ဆေးကုသစရိတ် ခက်ခဲကြတဲ့အတွက် မြို့ပေါ်ကျောင်းတွေ အားလုံးကို ဆေးခန်းက ပရဟိတ ဆရာဝန် ၂ ဦး၊ အကူ သူနာပြု ၈ ဦးနဲ့ လိုက်ပြီးကုသပေးသွား မှာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ ကမ္ဘောဇ ရှမ်းကျောင်းကြီးက သံဃာ (၃၂၀)ကို ကုသပေးတာ ဖြစ်ပါတယ်။ အဲ့ဒါအပြင် အခုပြန့်ပွားနေတဲ့ Novel Corona Virus ( 2019-nCoV ) နဲ့ ပတ်သက်ပြီး ဆရာဝန် ၂ ဦးက အသိပညာပေး ဟောပြောတာလဲ လုပ်ပေးမှာဖြစ်ပါတယ်"ဟု အောင်မင်္ဂလာ အထွေထွေရောဂါကု အခမဲ့ဆေးခန်း တည်ထောင်သူ ဦးကျော်ကျော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ငွေကြေးချို့တဲ့သူများ၏ အထွေထွေရောဂါများအား အခမဲ့ကုသပေးနိုင်ရန် ရည်ရွယ်၍ အောင်မင်္ဂလာ အထွေထွေရောဂါကု အခမဲ့ ဆေးကုသအဖွဲ့ ကို ၂၀၁၄ ခုနှစ်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အထိုင်ဆေးခန်းဖွင့်၍ ကုသပေးနေသည် မှာ (၂)နှစ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

အထိုင်ဆေးခန်း စတင်ဖွင့်လှစ်ချိန်မှစ၍ ကျောက်မဲမြို့ အမှတ် (၁)ရပ်ကွက်နှင့် အမှတ် (၈)ရပ်ကွက်တို့ရှိ အထိုင်ဆေးခန်း (၂)ခုတွင် အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ (၄)နာရီမှ (၆)နာရီအထိ မည်သူမဆို အခမဲ့ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -  နေဖြိုးမြင့်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~