ရှမ်းပြည်နယ်အတွင်း ဖေဖေါ်ဝါရီလ (၁)ရက်နေ့အထိ ကော်ရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ထူးခြားမှု မရှိသေးသော်လည်း ကျန်းမာရေးက ညွှန်ကြားထားသည့်အတိုင်း ပြည်သူများ လိုက်နာရန် လိုအပ်

ရှမ်းပြည်နယ်အတွင်း ဖေဖေါ်ဝါရီလ (၁)ရက်နေ့အထိ ကော်ရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ထူးခြားမှု မရှိသေးသော်လည်း ကျန်းမာရေးက ညွှန်ကြားထားသည့်အတိုင်း ပြည်သူများ လိုက်နာရန် လိုအပ်
ဖေဖော်ဝါရီ 1, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ဖေဖေါ်ဝါရီလ (၁)ရက်နေ့အထိ ကော်ရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ထူးခြားမှု မရှိသေးသော်လည်း  ကျန်းမာရေးက ညွှန်ကြားထားသည့်အတိုင်း  ပြည်သူများ လိုက်နာရန် လိုအပ်

တရုတ်၊ လာအို၊ ထိုင်းနိုင်ငံများနှင့် နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်အတွင်း ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန် အဆုတ်ရောင်ရောဂါ) ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ ညပိုင်းအထိ သံသယလူနာ မရှိသေးသော်လည်း ပြည်သူများအနေဖြင့် ကျန်းမာရေးက ညွှန်ကြားထားသည့်အတိုင်း လိုက်နာရန် လိုအပ်ကြောင်း သိရသည်။

“ရှမ်းတောင်မှာက ဒီနေ့ပဲ ဟောပြောပွဲတွေ လုပ်တယ်။ ရှမ်းမြောက်နဲ့ ရှမ်းရှေ့ကတော့ ပြည်နယ်မှူးတွေက  နယ်စပ်ဂိတ်တွေ လိုက်စစ်တာပေါ့။ လိုက်စစ်တော့ အဓိက ကတော့ ဘာတွေ ထပ်ဖြည့်ရမလဲ။ ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲဆိုတဲ့ ဟာလေးတွေ သူတို့ သက်ဆိုင်ရာမြို့နယ်တွေနဲ့ လိုက်စစ်တယ်။ ထူးထူးခြားခြားတော့ ဒီနေ့ ဘာမှမဖြစ်ဘူး။ လိုတာလေးတွေ လိုက်ဖြည့်ရတယ်လို့တော့ ကျွန်တော့်ဆီကို Report တက်တယ်။ မိုင်းယောင်းမှာကတော့ ဖျားတဲ့ကလေး သံသယရှိလို့ ဆေးရုံမှာတင်ထားတာက ဒီနေ့ စောင့်ကြည့် သတ်မှတ်ရက်ပြည့်တဲ့အထိ ထူးထူးခြားခြားလည်း ဘာမှမဖြစ်တော့ ဆင်းခွင့်ပေးလိုက်ပြီလို့ ပြောတယ်။ ကျန်တာတော့ ထူးထူးခြားခြား မရှိပါဘူး”

ဟု ပြည်နယ်အဆင့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း အရှေ့ပိုင်းဒေသရှိ နယ်စပ်ဝင်ပေါက်များဖြစ်သည့် တာချီလိတ်မြို့နယ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၁) တံတား၊ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ် (၂) တံတား၊ လာအိုနယ်စပ် ဝင်ပေါက်များ ဖြစ်သည့် ဝမ်ပုံဆိပ်ကမ်း၊ ကျိုင်းလပ်တံတား၊ မိုင်းယန်းမြို့တွင် အထူးဒေသ (၂)မှ ဝင်လာသည့် ကားလမ်းဂိတ်ပေါက်၊ အထူးဒေသ (၄)မှ ဝင်လာသည့် ကားလမ်းဂိတ်ပေါက်၊ မိုင်းယောင်းမြို့တွင် အထူးဒေသ(၄)နှင့် ဆက်သွယ်ထားတဲ့ မိုင်းယုတံတားတို့တွင် ကျန်းမာရေးဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများအား ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 “ဝ”အထူးဒေသနှင့် တပ်မတော်က တာဝန်ယူထားသည့်  ပါချီးဝင်ပေါက်များ ဆုံရာ မိုင်းတုံမြို့နယ် ပုံပါကျင်နယ်စပ်ဝင်ပေါက်များကို သက်ဆိုင်ရာတာဝန်ယူထားသူများက နယ်စပ်ဝင်ထွက်ခွင့် ပိတ်ထားပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - အင်မိုင်ခ

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~