ရှမ်းပြည်နယ်တွင်း လက်ကိုင်လွှစက် မှတ်ပုံမတင်ဘဲ ရောင်းဝယ်၊ ကိုင်ဆောင်ပါက ထောင် (၇) နှစ်အထိ ချမှတ်နိုင်မည့် ဥပဒေဖြင့် အရေးယူမည်

ရှမ်းပြည်နယ်တွင်း လက်ကိုင်လွှစက် မှတ်ပုံမတင်ဘဲ ရောင်းဝယ်၊ ကိုင်ဆောင်ပါက ထောင် (၇) နှစ်အထိ ချမှတ်နိုင်မည့် ဥပဒေဖြင့် အရေးယူမည်
ဖေဖော်ဝါရီ 21, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း လက်ကိုင်လွှစက် မှတ်ပုံမတင်ဘဲ ရောင်းဝယ်၊ ကိုင်ဆောင်ပါက ထောင် (၇) နှစ်အထိ ချမှတ်နိုင်မည့် ဥပဒေဖြင့် အရေးယူမည်

ရှမ်းပြည်နယ်အတွင်း လက်ကိုင်စက်လွှ (Chain Saw)များ တရားမဝင် ရောင်းဝယ်၊ ကိုင်ဆောင်ပါက ထောင်ဒဏ် (၇) နှစ်အထိ ချမှတ်နိုင်သည့် ဒေသန္တရအမိန့်ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး ဧပြီလ (၃)ရက်နေ့ နောက်ပိုင်းမှစ၍ အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ ဌာနကနေပြီးတော့ ခရိုင်တွေ၊ မြို့နယ်တွေမှာ တရားမဝင်သစ် တိုက်ဖျက်ရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟောပြောပွဲတွေမှာ ထည့်သွင်းဟောပြောဖို့ လုပ်ထားပါတယ်။ ပညာပေးကာလ (၃) လမှာ ဟောပြောဖို့အတွက် အစီအစဉ်တွေ ဆွဲနေပါပြီ။ အရောင်းဆိုင်တွေကိုလည်း နောက်ဆုံးထုတ်ပြန်ထားတဲ့ အခြေအနေတွေကို ဟောပြောမယ်။ ပညာပေးကာလပြီးရင်တော့ အရေးယူမှုတွေဆောင်ရွက်တော့မှာပါ

ဟု ဒုတိယ ပြည်နယ်သစ်တောဦးစီးဌာန (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ကိုင်စက်လွှ(Chain Saw)များ အသုံးပြုခွင့်မှတ်ပုံတင်ခြင်းကို ပညာပေးကာလဖြစ်သည့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ ဧပြီလ (၃) ရက်နေ့အတွင်း မိမိတို့ အသုံးပြုလိုသည့် လုပ်ငန်းအမျိုးအစားကို ဖေါ်ပြပြီး သစ်တောဦးစီးဌာနထံ လာရောက်မှတ်ပုံတင်နိုင်ကြောင်း သိရသည်။

အရင်ကတည်းက စက်လွှကိုင်ဆောင်ခွင့် လျှောက်ရတယ်၊ မှတ်ပုံတင်ထားရတယ်။ သူတို့ဘာလုပ်ငန်း လုပ်မယ်ပေါ့နော်။ လုပ်ငန်းအခြေအနေကိုကွင်းဆင်းစိစစ်ပြီးမှ ပေးသင့်၊ မပေးသင့် ဆုံးဖြတ်တာပေါ့

ဟု ဒုတိယ ပြည်နယ်သစ်တောဦးစီးဌာန (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်က ပြောသည်။

စက်လွှ လက်ဝယ်ရှိသူများအနေဖြင့် ပညာပေးကာလအတွင်း  သစ်တောဦးစီးဌာန၊ သက်ဆိုင်ရာ ဘိနယ်တာဝန်ခံထံ လာရောက်အပ်နှံပါက အရေးယူခံရမည်မဟုတ်ဘဲ သတ်မှတ်ကာလကျော်လွန်ပါက စက်လွှ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ကိုင်ဆောင်အသုံးပြုခြင်း၊ တရားမဝင်ရောင်းဝယ်ခြင်းများကို ၂၀၁၈ သစ်တောဥပဒေပုဒ်မ(၄၂)၊ ပုဒ်မခွဲ(ခ)အရ  (၇) နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်(၅)သိန်းမှ အများဆုံးကျပ်(၁၀)သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ ကျခံစေရမည်ဖြစ်ကြောင်း သိရသည်။

လက်ကိုင်စက်လွှ(Chain Saw) တရားဝင်အသုံးပြုခွင့်ရှိသည့် သစ်အချောထည်စက်များ၊ သစ်စက်များ၊ အသေးစား အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ၊ ပရိဘောဂဆိုင်များနှင့် လက်ကိုင်စက်လွှ အသုံးပြုရန် လိုအပ်သော ဌာနဆိုင်ရာအဖွဲ့အစည်းများသည် စက်အမျိုးအစား၊ စက်အင်အား၊ ဆောင်ရွက်မည့်လုပ်ငန်း အကျဉ်းချုပ်၊ အသုံးပြုမည့် စက်လွှဓာတ်ပုံမှတ်တမ်းနှင့်အတူ မြို့နယ်သစ်တောဦးစီးဌာနသို့ အသုံးပြုခွင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

လက်ကိုင်စက်လွှတွေကို တင်သွင်းတာ ကန့်သတ်တော့မယ်။ အကောက်ခွန်တို့ ဘာတို့က တင်သွင်းခွင့်မပြုဖို့ ကန့်သတ်တော့မှာပါ။ ဥပဒေမှာတော့ အကုန်ပါပါတယ်

ဟု ဒုတိယပြည်နယ်သစ်တောဦးစီးဌာန(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်က ပြောသည်။

ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနသည် လက်ကိုင်လွှစက်(Chain Saw)ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီနှင့် အရောင်းဆိုင်များအား သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လစဉ်စစ်ဆေးခြင်း၊ လက်ကိုင်စက်လွှ(Chin Saw) လိုင်စင်ထုတ်ပေးထားသော သစ်စက်နှင့် ဌာနအဖွဲ့အစည်းများ၊ တရားမဝင်လက်ကိုင်စက်လွှ(Chain Saw) ကိုင်ဆောင်သူများအားဖော်ထုတ်အရေးယူခြင်းကို လစဉ်စစ်ဆေးဆောင်ရွက်၍ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြသွားရတော့မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~