ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားကာလအတွင်း တရုတ်ခရီးစဉ်များ ခေတ္တရပ်ဆိုင်းရန် ညွှန်ကြား

ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားကာလအတွင်း တရုတ်ခရီးစဉ်များ ခေတ္တရပ်ဆိုင်းရန် ညွှန်ကြား
ဖေဖော်ဝါရီ 19, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားကာလအတွင်း တရုတ်ခရီးစဉ်များ ခေတ္တရပ်ဆိုင်းရန် ညွှန်ကြား

မြန်မာနိုင်ငံသို့ လာရောက်မည့် တရုတ်ခရီးသွားများကို ကျန်းမာရေးထောက်ခံချက်ဖြင့် ခွင့်ပြုမည်ဟု သတင်းထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ လာရောက်မည့်ခရီးစဉ်နှင့် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံသားများ သွားရောက်မည့် ခရီးစဉ်များကို ရပ်ဆိုင်းထားကြရန် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့က ထပ်မံထုတ်ပြန်လိုက်သည်။

ပထမကတော့ အရင်စီစဉ်ထားတဲ့ဟာတွေ ရှိနေမှာစိုးလို့ ထုတ်ပြန်တာဖြစ်မယ်။ နောက်ထပ် ထုတ်ပြန်တာကတော့ ဒါက နောက်ဆုံးအခြေအနေဖြစ်မှာပေါ့။ အဲဒီစာတွေက ကျွန်တော်တို့ဆီကို မရောက်သေးဘူး။ အဓိက ကတော့ နောက်ထပ်ခရီးစဉ်တွေ မစီစဉ်တော့ဖို့ ဖြစ်မယ်။ မြန်မာတစ်ပြည်လုံးကို သွားတဲ့ခရီးစဉ်တွေ စီစဉ်တာတွေ၊ ကားတွေနဲ့ ဝင်ရောက်လည်ပတ်တာ စီစဉ်တာတွေကို မစီစဉ်ကြဖို့ ညွှန်ကြားထားတာ

ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ တာချီလိတ်ရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူစက်ပျံ့ပွားနေသဖြင့် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွားဧည့်သည်များနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများအတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်းထားပါသဖြင့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံဘက်ခြမ်းက ထုတ်ပြန်ထားတာက ဇန်နဝါရီ (၂၇)ရက်နေ့ နောက်ပိုင်းကို ခရီးစဉ်တွေ အကုန်ရပ်နားထားလိုက်ပြီ။ ဒါက တရုတ်ပြည်ဘက်အခြမ်းပေါ့နော်။ ကျွန်တော်တို့ မြန်မာနိုင်ငံဘက်ခြမ်းကတော့ မနေ့ကထုတ်ပြန်တဲ့အတိုင်းဆို နှစ်မျိုးတောင် ထုတ်ပြန်တယ်။ တစ်ခုက တရုတ်ခရီးသွားတွေကို ကျန်းမာရေးထောက်ခံချက်နဲ့ လက်ခံဖို့ ဆိုတာရယ်၊ နောက်တစ်ခုက တရုတ်ခရီးသွားဟာတွေ အကုန်လုံး ရပ်နားထားဖို့ဆိုတာ ထုတ်ပြန်ထားတယ်။ ဒါက ဝန်ကြီးဌာနက ဘယ်လိုကြောင့် နှစ်ခုထုတ်ထားလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ဆီ အရင်ရောက်လာတာက ကျန်းမာရေးထောက်ခံချက်နဲ့ လက်ခံဖို့ပေါ့နော်။ နောက်ဆုံးရောက်လာတာကတော့ တရုတ်ခရီးသွားတွေ လက်မခံဖို့ပေါ့။ အကယ်၍ ကျန်းမာရေးထောက်ခံချက်နဲ့ ခွင့်ပြုရင်တောင် တရုတ်ကုမ္ပဏီတွေအနေနဲ့က တရုတ်အစိုးရဘက်က တရားဝင် ထုတ်ပြန်တားမြစ်ထားတော့ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်ချေရှိတာက တရုတ်နိုင်ငံသားတွေက ဒီဘက် ကုမ္ပဏီကို တိုက်ရိုက်ချိတ်ပြီး လုပ်ရင်လုပ်မှပဲ။ အခုလက်ရှိအခြေအနေမှာကို တရုတ်ခရီးသွားက မရှိသလောက်ပဲ။ ရှိတာကလည်း တိုင်ဝမ်၊ ဟောင်ကောင်တို့ တရုတ်စကားပြော တစ်ခြားနိုင်ငံသားတွေ အမေရိကန်၊ ကနေဒါ၊ မလေး၊ စင်္ကာပူတို့ အဲဒီလောက်ပဲ။ ဒါပေမဲ့ တော်တော်နည်းပါတယ်

ဟု တရုတ်ဘာသာ ဧည့်လမ်းညွှန်အသင်း ဒုတိယ ဥက္ကဌ စိုင်းစိုးဟန်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ လည်ပတ်မည့်ခရီးစဉ်နှင့် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မည့် ခရီးစဉ်များ ရပ်ဆိုင်းထားရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့၌ ညွှန်ကြားထားသော်လည်း နယ်စပ်ဒေသများမှ တရုတ်နိုင်ငံသားများ ဝင်ထွက်သွားလာခြင်းနှင့် မိမိအစီအစဉ်ဖြင့် လာရောက်လည်ပတ်သူများအပေါ် အကျုံးဝင်ခြင်းမရှိကြောင်း သိရသည်။

နယ်စပ်ကတော့ ပုံမှန်အတိုင်းပဲ ဝင်ထွက်သွားလာနေကြတာပဲ။ အများစုကတော့ မြန်မာတွေပါပဲ။ တရုတ်ကတော့ အရင်ကတည်းက နည်းတယ်။ အခုလည်း နည်းတယ်

ဟု မူဆယ် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက ပြောသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လာရောက်မည့် ခရီးသွားဧည့်သည်များအား ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ဇန်နဝါရီလ (၃၁)ရက်နေ့က ကျင်းပသည့် 2019 Novel Coronavirus (2019nCov) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်အရ ခေတ္တရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - အင်မိုင်ခ

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~