စင်္ကာပူလေကြောင်းလိုင်း လေယာဉ်များ အီရန်လေပိုင်နက်မှ လမ်းကြောင်းများ ပြောင်းလဲ

စင်္ကာပူလေကြောင်းလိုင်း လေယာဉ်များ အီရန်လေပိုင်နက်မှ လမ်းကြောင်းများ ပြောင်းလဲ
ဇန်နဝါရီ 8, 2020
By 🌸

စင်္ကာပူလေကြောင်းလိုင်း လေယာဉ်များ အီရန်လေပိုင်နက်မှ လမ်းကြောင်းများ ပြောင်းလဲ

အီရတ်နိုင်ငံ အယ်လ်အာဆတ်ရှိ အမေရိကန်လေတပ် အခြေစိုက်စခန်းကို အီရန်နိုင်ငံက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စင်္ကာပူလေကြောင်းလိုင်းက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၈)ရက်နေ့တွင် အီရန်လေပိုင်နက်မှ ပျံသန်းရမည့်လမ်းကြောင်းများကို ပြောင်းလဲလိုက်ကြောင်း သိရသည်။

အမေရိကန်က ဇန်နဝါရီလ (၃)ရက်နေ့တွင် ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း အီရန်တော်လှန်ရေးပြည်စောင့်တပ် ဦးစီးချုပ် ဗိုလ်မှူးချုပ် ကက်ဆမ် ဆိုလိုင်မန်နီ သေဆုံးခဲ့မှုကို လက်တုန့်ပြန်သည့်အနေဖြင့် အယ်လ်အာဆတ်ရှိ အမေရိကန် လေတပ်အခြေစိုက်စခန်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အီရန်ကပြောဆိုထားပြီးနောက် အရှေ့အလယ်ပိုင်းဒေသတွင် စစ်မက်ဖြစ်ပွားမည်ကို စိုးရိမ်မှုများ မြင့်တက်နေခြင်းဖြစ်သည်။

“စင်္ကာပူလေကြောင်းလိုင်းအနေဖြင့် အီရန်လေပိုင်နက်မှ ဖြတ်သန်းရမည့် လမ်းကြောင်းများကို ပြောင်းလဲထားပါသည်”

ဟု လေကြောင်းလိုင်းက အီးမေးလ်များပေးပို့ထားသော်လည်း လမ်းကြောင်းပြောင်းလဲသည့် အကြောင်းရင်းကို ဖေါ်ပြထားခြင်းမရှိကြောင်းသိရသည်။

အီရန်ပစ်ခတ်ခဲ့သည့် ဒုံးကျည် (၉)လုံးသည် အီရတ်နိုင်ငံအနောက်ပိုင်း အယ်လ်အာဆတ်ရှိ နိုင်ငံခြားတပ်များ အခြေစိုက်ရာနေရာကို ကျရောက်ခဲ့ကြောင်း AFP သတင်းဌာန၏ သတင်းရင်းမြစ်များက အတည်ပြုသည်ဟု သိရသည်။

အီရန်က ဒုံးကျည် တစ်ဒါဇင်ကျော်ကို ဒေသစံတော်ချိန် ဇန်နဝါရီလ (၇)ရက်နေ့ နံနက် (၅)နာရီခွဲဝန်းကျင်တွင် အီရတ်ရှိ အမေရိကန်အခြေစိုက်စခန်းများဆီ ဦးတည်ပစ်ခတ်ခဲ့သည်ဟု ပင်တဂွန်၏ထုတ်ပြန်ချက်တွင် ပါရှိသည်။

Tachileik News Agency
Source: CNA

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~