ရှမ်းပြည်နယ်တွင် တစ်နေ့တာအတွင်း မူးယစ်ဆေးဖမ်းမိမှု (၄)ခုမှ မူးယစ်ဆေး (၄)မျိုးဖမ်းမိ

ရှမ်းပြည်နယ်တွင် တစ်နေ့တာအတွင်း မူးယစ်ဆေးဖမ်းမိမှု (၄)ခုမှ မူးယစ်ဆေး (၄)မျိုးဖမ်းမိ
ဇန်နဝါရီ 14, 2020
By Tachileik News Agency

ရှမ်းပြည်နယ်တွင် တစ်နေ့တာအတွင်း မူးယစ်ဆေးဖမ်းမိမှု (၄)ခုမှ မူးယစ်ဆေး (၄)မျိုးဖမ်းမိ 

ရှမ်းပြည်နယ် မိုင်းဖြတ်၊ ဆီဆိုင်၊ ကွတ်ခိုင်နှင့် ချင်းရွှေဟော်မြို့များတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့ တစ်နေ့တာအတွင်း မူးယစ်ဆေးဖမ်းဆီးမှုများမှ စိတ်ကြွဆေးပြား (၅၃, ၈၃၀)ပြား၊ အိုက်စ်မူးယစ်ဆေး (၅)ကီလို၊ ကတ်တမင်း (၂၀) ကီလိုနှင့် ဘိန်းဖြူ (၂,၁၇၀)ဂရမ်တို့နှင့်အတူ အမျိုးသား (၅)ဦး၊ အမျိုးသမီး (၁)ဦး ဖမ်းမိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဖမ်းဆီးရမိမှုများအတွင်း မြန်မာငွေကျပ် (၅၉၀,၀၀၀)နှင့် မော်တော်ယာဉ်တစ်စီးကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက် (၆)နာရီ အချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်လောက်ကျေးရွာအုပ်စု၊ ပါဆန်းကျေးရွာရှိ ဆမ်ကွမ်းစိန်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၆၁၃ဝ) ပြား၊ မြန်မာငွေ (၉ဝ,ဝဝဝ) ကျပ်တို့နှင့်အတူ ဖမ်းမိသည်ဟု သိရသည်။

ယင်းနေ့ နေ့လယ် (၁၁)နာရီ (၄၅)မိနစ်အချိန်တွင် ကွတ်ခိုင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ ဟိုနမ့်ကျေးရွာရှိ ရန်ရွှင်လျန်(ခ) အားလျန်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၄,၀၀၀) ပြားနှင့်အတူ ဖမ်းမိကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ချင်းရွှေဟော်မြို့တွင် ညနေ (၃)နာရီကျော်၌ အမှတ်(၂)ရပ်ကွက်ရှိ ဟော်ယွင်ဖူးနှင့် ဇနီးဖြစ်သူ ယွင်ဖုန်းတို့အား ၎င်းတို့၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၄၃,၇၀၀) ပြား၊ ဘိန်းဖြူ အလေးချိန် (၂၁၇၀) ဂရမ်နှင့် မြန်မာငွေ (၅) သိန်းကျပ်တို့နှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့တွင် ညနေ (၄)နာရီအချိန်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဆီဆိုင်မြို့နယ်၊ မောက်မယ်-ဆိုက်ခေါင်ကားလမ်းတွင် မောက်မယ်ဘက်မှ ဆိုက်ခေါင်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးမှ ကတ်တမင်း (၂၀)ကီလို၊ အိုက်စ် (၅)ကီလိုနှင့်အတူ မော်တော်ယာဉ်မောင်း ဟိန်းထက်နှင့် လိုက်ပါလာသူ မင်းအောင်တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ပြည်ထဲရေး
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~