တာလေ - မိုင်းဖြတ် လမ်းမကြီးဘေး တာလေမြို့အထွက် နတ်စင်ရှေ့တွင် ချောင်းရေတိုက်စားမှု ကာကွယ်ရေး ဘတ်ဂျက်တင်ရန် ကွင်းဆင်းစစ်ဆေး

တာလေ - မိုင်းဖြတ် လမ်းမကြီးဘေး တာလေမြို့အထွက် နတ်စင်ရှေ့တွင် ချောင်းရေတိုက်စားမှု ကာကွယ်ရေး ဘတ်ဂျက်တင်ရန် ကွင်းဆင်းစစ်ဆေး
ဇန်နဝါရီ 19, 2020
By Tachileik News Agency
တာလေ - မိုင်းဖြတ် လမ်းမကြီးဘေး တာလေမြို့အထွက် နတ်စင်ရှေ့တွင် ချောင်းရေတိုက်စားမှု ကာကွယ်ရေး ဘတ်ဂျက်တင်ရန် ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း တာလေ - မိုင်းဖြတ်လမ်းမကြီးတွင် နမ့်လင်းချောင်း ရေစီးကြောင်းပြောင်းပြီး  ရေတိုက်စားမှုများကြောင့် မူလရေလမ်းကြောင်း ပြန်လည်တူးဖေါ်ရေးနှင့် မြေထိန်းနံရံ တူးဖေါ်ရေးအတွက် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့ နံနက်က သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

"နမ့်လင်းချောင်းက ရေလမ်းကြောင်း ပြောင်းလာတာပေါ့။ ကျွန်တော်တို့ ဌာနကတော့ ၂၀၂၀ -၂၀၂၁ ငွေလုံးငွေရင်းဘတ်ဂျက်ထဲမှာ လျာထားပေးပါတယ်။ ဒါက သဘာဝဘေးကနေ တောင်းရင် ပိုပြီး သင့်လျော်တာပေါ့။ သဘာဝဘေးက ဖြစ်တုန်းတောင်းရတာဆိုတော့ ဒေသအာဏာပိုင်တွေ၊ ဝန်ကြီးတွေ ပြရမှာပေါ့။ သဘာဝဘေးကတောင်းရင်တော့ ချက်ချင်းရတာပေါ့။ ချောင်းရဲ့မူလလမ်းကြောင်းကိုလည်း တူးပေးရမယ်။ ဒီဘက်က ကျိုင်းတုံ-တာချီလိတ်လမ်းကြီးကိုလည်း ရေကတဖြည်းဖြည်းစားလာတော့ မြေထိန်းနံရံလည်း လုပ်ရမှာပေါ့"ဟု တာချီလိတ်ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးဟန်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ် - ကျိုင်းတုံပြည်ထောင်စုလမ်းမကြီးရှိ တာလေ - မိုင်းဖြတ်လမ်း ရေတိုက်စားခံရမှုကို မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်မှူး ဦးတင့်လွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ထွန်း၊ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးကြသည်။

"ကျိုင်းတုံအထွက်က တာလေနတ်စင်ရှေ့တည့်တည့် တာလေချောင်း (နမ့်လင်းချောင်း)က လွန်ခဲ့တဲ့ (၅) နှစ်လောက်ကစပြီး ပေ(၇၀) လောက်ထိ တိုက်စားလာတာ။ လမ်းဘက်ပိုင်းကို တိုက်စားလာလို့ စီမံကိန်း အစည်းအဝေးမှာ တင်ပြလိုက်တယ်။ လူကြီးတွေလာကြည့်ပြီး ဘတ်ဂျက်တင်ပေးမယ်ပြောသွားတယ်"ဟု တာလေမြို့ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်စင်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာလေမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် နမ့်လင်းချောင်းမှာ ရေကြောင်းပြောင်းလဲလာ၍ ကွေ့ကောက် စီးဆင်းနေပြီး နှစ်စဉ်ရေကြီးရေလျှံမှုကြောင့် စိုက်ခင်းများ နစ်မြုပ်ပျက်စီးခြင်းများလည်း ဖြစ်ပွားလေ့ရှိပြီးကြောင်း ဒေသခံများထံမှ သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - TZL
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~