နယ်စပ်ဒေသ တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)တွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် Thermal Scanner ဖြင့် စစ်ဆေးနိုင်ရန် စတင်

နယ်စပ်ဒေသ တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)တွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် Thermal Scanner ဖြင့် စစ်ဆေးနိုင်ရန် စတင်
ဇန်နဝါရီ 27, 2020
By Tachileik News Agency

နယ်စပ်ဒေသ တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)တွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက်  Thermal Scanner ဖြင့် စစ်ဆေးနိုင်ရန် စတင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အဓိကနယ်စပ်ဝင်ထွက်ပေါက်ဖြစ်သည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ် (၁) တံတားတွင် ကိုယ်အပူချိန်တိုင်းတာသည့် Thermal Scanner ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် စတင်တပ်ဆင်အသုံးပြုပြီး Hot Line ဖုန်းနံပါတ်များကိုလည်း ထုတ်ပြန်ထားသည်။

"အရင်က လက်ကိုင်လေးတွေနဲ့ပဲ တိုင်းတာပေါ့။ ဒီနေ့မှာတော့ ဒီစက်နဲ့စပြီး အသုံးပြုနေပြီပေါ့။ လူတွေကို ဒီထက်ပို စစ်ဆေးနိုင်အောင် ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ထပ်တိုးချထားမယ်။ တစ်ယောက်က Scanner ကိုကြည့်မယ်။ တစ်ဦးက နိုင်ငံခြားသားတွေကို ကျန်းမာရေး သတင်းပေးတာတွေ လုပ်ဆောင်မယ်။ ရောဂါဝေဒနာ ခံစားနေရရင် ကျွန်တော်တို့ကို ဆက်သွယ်ဖို့အတွက် Hot Line ဖုန်းနံပါတ်တွေ ပါမယ်ပေါ့"

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်အတွင်း ဝူဟန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီလ (၂၇) ရက်နေ့ နေ့လယ်(၁)နာရီက ပြုလုပ်သည့်အစည်းအဝေးတွင် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း၊ ပြည်နယ် ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်၊ ကလေးအထူးကု ဒေါက်တာကျော်စွာမြင့်၊ လက်ထောက် ဆရာဝန် ဒေါက်တာ သန်းဇော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး Hot Line ဖုန်းနံပါတ်များ ထုတ်ပြန်ကြေညာရန် ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ဝူဟန်နမိုးနီးယားကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးပွဲ လုပ်လိုက်တယ်။ ဝန်ကြီးဌာနကနေလည်း လက်ထောက် ညွှန်မှူးတစ်ယောက်ကို တာဝန်ချထားပေးလာတယ်။ သူ့အကြံပြုချက်နဲ့ Hot Line နံပါတ်လည်း ထုတ်ဖို့ လုပ်လိုက်တယ်။ ဒီအတွက် Hot Line ဖုန်းနံပါတ်အသစ်တစ်လုံးလည်း ဆေးရုံမှာ ထပ်ထည့်ထားလိုက်တယ်။ လူထုအသိပညာပေးတွေလည်း ဆက်လုပ်သွားဖို့ရှိပါတယ်”

ဟု ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။

တာချီလိတ်ခရိုင်အတွင်း ဝူဟန်အဆုတ်ရောင်ရောဂါ သံသယဖြစ်ပွားပါက သီးခြားစောင့်ကြည့်ကုသနိုင်မည့် အထူးကြတ်မတ်ကုသခန်းနှင့် အရေးပေါ်လူနာတင်ယာဉ်တို့ကို စနစ်တကျပြင်ဆင်ထားရှိပေးပြီး လိုအပ်ပါ လိုအပ်ပါက Hot Line နံပါတ်များဖြစ်သည့် ၀၉ ၂၅၅၃၀၆၆၆၁ နှင့် ၀၉ ၂၅၀၇၇၇၈၂၃ တို့သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်အဆုတ်ရောင်ရောဂါ) ကူးစက်ခြင်းမရှိစေရန် လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန်၊ အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ရန် (နှာခေါင်းစည်း ညစ်ပေပါက လဲလှယ်ရန်)၊ လူစုလူဝေးကို တတ်နိုင်သမျှရှောင်ရန်၊ ခေါင်းကိုက် ဖျားနာ လည်ချောင်းနာ နှာစေး ချောင်းဆိုးဖြစ်လျှင် နားလည်တတ်ကျွမ်းသူနှင့် ပြသရန်၊ လတ်တလော ရောဂါဖြစ်ပွားနေသည့် တရုတ်နိုင်ငံမှ ပြန်လာသူ (သို့မဟုတ်)  ပြန်လာသူနှင့်ထိတွေ့ဖူးသူတို့ အဆိုပါရောဂါလက္ခဏာများ ပြသပါက ဆေးရုံ၊ဆေးခန်းသို့ ပြသရန် အသိပေးနှိုးဆော်ထားသည်။

တာချီလိတ်ခရိုင်အတွင်း နယ်စပ်ဝင်ပေါက်များဖြစ်သည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ် (၁) တံတား၊ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတား၊ ဝမ်ပုံဆိပ်ကမ်းနှင့် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားများတွင် ကျန်းမာရေးဝန်ထမ်းများဖြင့် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးမှုများအပြင် အထူးဒေသ (၄) မိုင်းလားတွင် EHO အဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး စစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~