တာချီလိတ်မြို့ မီးလင်းရေးရုံး၏ သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံနေသည့် အိမ်ခန်းငှားပိုင်ရှင်များကို ညှိနှိုင်းဖြေရှင်းရန် ကော်မတီဆောင်ရွက်နေ

တာချီလိတ်မြို့ မီးလင်းရေးရုံး၏ သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံနေသည့် အိမ်ခန်းငှားပိုင်ရှင်များကို ညှိနှိုင်းဖြေရှင်းရန် ကော်မတီဆောင်ရွက်နေ
ဇန်နဝါရီ 17, 2020
By Tachileik News Agency

တာချီလိတ်မြို့ မီးလင်းရေးရုံး၏ သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံနေသည့် အိမ်ခန်းငှားပိုင်ရှင်များကို  ညှိနှိုင်းဖြေရှင်းရန် ကော်မတီဆောင်ရွက်နေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အိမ်ခန်းငှား ပိုင်ရှင်များက အိမ်ငှားများထံမှ မီတာခကို မြို့မီးလင်းရေးကော်မတီ၏ သတ်မှတ်ဈေးနှုန်းထက် ပိုမိုကောက်ခံနေကြ၍ ကော်မတီအနေဖြင့် ညှိနှိုင်းဖြေရှင်းရန် ဆောင်ရွက်နေကြောင်း သိရသည်။

“လျှပ်စစ်ဓါတ်အားကို တဆင့်ပြန်လည် ရောင်းချတာမျိုးတော့ ခွင့်ပြု မထားပါဘူး။ အဲဒါကိုတော့ လုံးဝကို ခွင့်ပြု မထားပါဘူး။ ဒါနဲ့ပတ်သက်လို့ အရေးယူတယ်ဆိုတာတော့ သတ်မှတ်ထားတာ မရှိသေးပါဘူး။ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ကျွန်တော်တို့ လုပ်ဆောင်သွားရမှာပါ။ ကျွန်တော်တို့က အရေးယူတယ် ဆိုတာထက် ညှိနှိုင်း တိုင်ပင်ဆွေးနွေးတဲ့ ပုံစံကို သွားမှာပါ”

ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ ဥက္ကဌ ဦးတင်လှိုင်က  ဇန်နဝါရီလ(၁၆)ရက်နေ့တွင် ပြောသည်။

မြို့မီးလင်းရေးကော်မတီက ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားကို ဝယ်ယူကာ လက်ရှိ အချိန်ထိ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၅)ဘတ် ပြား(၅၀)နှုန်းဖြင့်  သတ်မှတ်ကောက်ခံနေခြင်း ဖြစ်သော်လည်း အိမ်ရှင်များက အိမ်ခန်းငှားရမ်း နေထိုင်သူများထံမှ မီတာခ တစ်ယူနစ်လျှင် (၈)ဘတ်မှ (၁၂)ဘတ်အထိ ဈေးနှုန်းအမျိုးမျိုး တိုးမြှင့်ကာ ပိုမိုကောက်ခံနေကြခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့က စပြီး အရပ်သားများဖြင့်  ပြန်လည် ဖွဲ့စည်းလိုက်သည့် မြို့မီးလင်းရေးကော်မတီက လျှပ်စစ်ဓါတ်အားနှုန်းထားများကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှစ၍  အိမ်သုံးမီတာ တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၅)ဘတ် ပြား(၅၀)နှုန်းဖြင့် ကောက်ခံနေရာမှ (၅)ဘတ် (၃၅)ပြားသို့ လည်းကောင်း၊ ပါဝါမီတာ တစ်ယူနစ်လျှင် (၆)ဘတ် (၇၅)ပြားနှုန်း ကောက်ခံနေရာမှ (၆)ဘတ် ပြား(၆၀)သို့ လည်းကောင်း  ထိုင်းဘတ်ငွေ (၁၅)ပြားနှုန်းစီ လျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့မီးလင်းရေးကော်မတီသစ်က ပထမခြေလှမ်း အဖြစ် ထိုင်းဘတ်ငွေ (၁၅)ပြားနှုန်းစီ လျှော့ချကောက်ခံသွားရန် သတ်မှတ်လိုက်ပြီးနောက်  အိမ်ရှင်များက အိမ်ငှားများထံမှ မီတာခကို နှုန်းထားအမျိုးမျိုးဖြင့် ပိုမိုကောက်ခံနေသည့်ကိစ္စကို ဖြေရှင်းနိုင်ရန် ဆောင်ရွက်နေကြောင်း နှင့်  သတ်မှတ်ထားသည့် မီတာခနှုန်းထားထက် ပိုမိုကောက်ခံနေသည့် အိမ်ရှင်များကို ခေါ်ယူ ညှိနှိုင်းဖြေရှင်းမည် ဖြစ်သည့်အတွက် အိမ်ခန်းငှားရမ်းနေထိုင်သူများအနေဖြင့် မီးလင်းရေးကော်မတီရုံးသို့ လာရောက် အကြောင်းကြားနိုင်ကြောင်း သိရသည်။

လက်ရှိ တာဝန်ယူထားသည့် မြို့မီးလင်းရေးကော်မတီတွင် နာယကများအဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် မြို့မိမြို့ဖ ဦးဝန်းယုံးတို့က ဆောင်ရွက်ပြီး ဥက္ကဌအဖြစ် ဦးတင်လှိုင်(မြသဟာဆေးရုံ - အဆွေတော်)၊ အတွင်းရေးမှူးအဖြစ် ဦးစိုင်းအုန်းကျော် (မြေစာရင်း-ငြိမ်း)၊ အဖွဲ့ဝင်များအဖြစ် ဦးစိုင်းလုံမား(မြို့မိမြို့ဖ)၊ ဦးမင်းနိုင်(မီးလင်းရေးရုံးခွဲ အဖွဲ့(၂)၊ ဦးစိုင်းဆမ်ဆု (အင်ဂျင်နီယာ မြို့ပြ)၊ ဒေါ်စုစန္ဒာဝင်း(ဥပဒေပညာရှင်)၊ ဦးဟန်ဝင်းအောင်(လျှပ်စစ်အင်ဂျင်နီယာ)၊ ဦးစိုင်းဘုန်းမြတ်( M&E သင်တန်းဆင်း)၊ ဦးစိုင်းလုံဟောင်(ရပ်မိရပ်ဖ)၊ ဦးသိန်းညွှန့်(ဟုတ်တက်တရုတ်ဘုံကျောင်း)၊ ဦးအားလယ် (အာခါစာပေနှင့် ယဉ်ကျေးမှု)နှင့် ဦးရဲထွန်းသိန်း(တိုးတက်ဟိန်း ဆောက်လုပ်ရေးကုမ္ပဏီ)တို့ တာဝန်ယူထားကြခြင်းဖြစ်သည်။

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~