ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ရပ်ကျေးစာရေးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ရပ်ကျေးစာရေးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
ဇန်နဝါရီ 22, 2020
By Tachileik News Agency

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း  ရပ်ကျေးစာရေးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာနှင့် နားမွန်းကျေးရွာကြားတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့ ညနေပိုင်းက မိုင်းတင်းကျေးရွာအုပ်စု၏ ရပ်ကျေးစာရေးအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ကျောက်မဲပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါ ရပ်ကျေးစာရေး အမျိုးသားသည် မိုင်းတင်းကျေးရွာအုပ်စုအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် သားဖွားစာရင်း ကောက်ယူသည့် စေတနာ့ဝန်ထမ်းများနှင့်တွေ့ဆုံရန် နားမွန်းကျေးရွာသို့ သွားရောက်ခဲ့ပြီး  ကျောက်မဲမြို့ဘက်သို့ ညနေ (၅) နာရီဝန်းကျင်တွင် ပြန်လာစဉ် နားမွန်းကျေးရွာအုပ်စု၊ နမ့်ဆော့ကျေးရွာနှင့် (၄) ဖာလုံခန့်အကွာရှိ ပင်တီးလမ်းခွဲ ဗြုံးတောင်အနီးလမ်းမကြီးပေါ်၌ ဆိုင်ကယ်ရပ်၍ စောင့်ဆိုင်းနေသည့် အမျိုးသား (၂) ဦးက သေနတ်ဖြင့် (၆) ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရပ်ကျေးစာရေးက ဆိုင်ကယ်ကိုမောင်းနှင်ထွက်ပြေးလာပြီး နေအိမ်တစ်ခုတွင် ဝင်ရောက်ပုန်းခိုကာ ဖုန်းဆက် အကူအညီတောင်းခံခဲ့သည့်အတွက်  ကျောက်မဲရှိ အိုတမာဝ်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ကျောက်မဲ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးထားရာမှ အခြေအနေမှာစိုးရိမ်ရသဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးထားကြောင်း သိရသည်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် ယာဘက်နားရွက်၊ ဝမ်းဗိုက်( ချက်အနီး ) တို့တွင် ဒဏ်ရာများရရှိသွားကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းတွင် ( ပ ) ၈/ ၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၇/ ၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ကျောက်မဲမြို့ မုန်လာခြံရပ်ကွက် စားသောက်ဆိုင်တစ်ခုတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့က မိုင်းတင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းထွန်းရင်၊ ကျေးရွာသူကြီးဟောင်း ဦးစိုင်းဆုဇေယျနှင့် မိုင်းတင်းကျေးရွာအုပ်စု နားမွန်းကျေးရွာမှ နားမွန်းရွာသူကြီး ဦးစိုင်းအိုက်တင်းတို့ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP )၏ မြို့နယ်အလုပ်အမှုဆောင်တစ်ဦး  ဟွေလုံကျေးရွာ၌ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~