ကျောက်မဲတွင် ဆန်ဆိုင်တစ်ဆိုင်ကို ဗုံးအတုဖြင့် ကျပ်သိန်း ၁၀၀ ခြိမ်းခြောက် တောင်းခံ

ကျောက်မဲတွင် ဆန်ဆိုင်တစ်ဆိုင်ကို ဗုံးအတုဖြင့် ကျပ်သိန်း ၁၀၀ ခြိမ်းခြောက် တောင်းခံ
ဇန်နဝါရီ 14, 2020
By Tachileik News Agency

ကျောက်မဲတွင် ဆန်ဆိုင်တစ်ဆိုင်ကို ဗုံးအတုဖြင့် ကျပ်သိန်း ၁၀၀ ခြိမ်းခြောက်တောင်းခံ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ဆန်အရောင်းဆိုင်တစ်ဆိုင်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက် (၆)နာရီခွဲဝန်းကျင်က ဗုံးအတုဖြင့် ခြိမ်းခြောက်ကာ ကျပ်သိန်း (၁၀၀) တောင်းခံမှုဖြစ်ပွား၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

"မနက်က ဆိုင်ဖွင့်မယ်ဆိုပြီး ဆိုင်အရှေ့မှာ သန့်ရှင်းရေးလုပ်တော့ ဝါယာကြိုးတွေ၊ တိပ်အနက်တွေနဲ့ ဗုံးလို့ ထင်ရတာတစ်ခုကို ဂျပ်ဖာထဲထည့်ပြီး ခြံထောင့်မှာ ထား ထားတာတွေ့ရတယ်။ စာအိတ်နဲ့ထည့်ထားတဲ့ စာတစ်စောင်လည်း ခြံရှေ့က အလှစိုက်ပန်းအိုးထဲမှာ ထား ထားတယ်။ အဲဒီဂျပ်ဖာထဲမှာ ဝါယာကြိုးတွေ ဘာတွေနဲ့ဆိုတော့ ကြောက်သွားပြီးတော့ သက်ဆိုင်ရာကို ကြောင်းကြားခဲ့တာဖြစ်ပါတယ်" 

ဟု ခြိမ်းခြောက် ငွေတောင်းခံရသည့် ဆိုင်ရှင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆိုင်ရှေ့တွင် မသင်္ကာဖွယ် ဂျပ်ဖာအားတွေ့ရသဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့တို့အား အကြောင်း ကြားခဲ့ရာ နယ်မြေခံတပ်မတော်မှ ဗုံးရှင်းလင်းရေးတပ်ဖွဲ့ဖြင့် လာရောက်ရှင်းလင်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"ဗုံးလို့ ထင်ရတဲ့အရာကို တပ်မတော်သားတွေက ရှင်းလင်းပြီးတော့ ကျွန်မတို့လည်း ကြည့်ခွင့်ရတယ်။ ဖုန်းဓါတ်ခဲတွေ၊ ပါဝါဘန့်တစ်ခု၊ ဝါယာကြိုးတွေ၊ ဆားကစ်ပြားအချို့နဲ့ တိပ်ပတ်ထားတာဖြစ်နေတယ်။ မပေါက်ကွဲစေနိုင်ဘူးလို့ သိရပါတယ်" 

ဟု ခြိမ်းခြောက်ငွေတောင်းခံရသည့် ဆိုင်ရှင်မိသားစုက ပြောသည်။

အဖွဲ့အစည်း တံဆိပ်ရိုက်နှိပ်ထားခြင်း မရှိသည့် ခြိမ်းခြောက်စာထဲတွင်

"မိမိတို့အဖွဲ့အစည်းအတွက် ရန်ပုံငွေ ကျပ်သိန်း (၁၀၀) အား ချိန်းဆိုထားသည့် နေရာတွင် လာရောက်ထားပေးရန်၊ နယ်မြေအတွင်းရှိ အခြားသော အဖွဲ့များက ထပ်မံငွေတောင်းခြင်းမပြုရန်အတွက် မိမိတို့အဖွဲ့က ကာကွယ်ပေးသွားမည်။ သို့မဟုတ်ပါက သေနတ်အတိုနှင့် အရှည်ကြိုက်ရာရွေးပါ" 

ဟု ရေးသားထားကြောင်း သိရသည်။

ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာအနီးရှိ DENKO စက်သုံးဆီဆိုင်တွင်လည်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့က လက်လုပ်ဗုံးအတုဖြင့် ခြိမ်းခြောက်ကာ ကျပ် (၁၀)သိန်း ခြိမ်းခြောက်တောင်းခံသူကို ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့သည်။

Tachileik News Agency
သတင်း  - နေဖြိုးမြင့်
ဓါတ်ပုံ - နောင်ချို မီဒီယာGroup
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~