တာချီလိတ် နယ်စပ် လာအိုနိုင်ငံဘက် ကာစီနိုတွင် ဝူဟန်အဆုတ်ရောင်ရောဂါ သံသယဖြစ်ဖွယ်တွေ့၍ အဝင်အထွက် ပိတ်ထား

တာချီလိတ် နယ်စပ် လာအိုနိုင်ငံဘက် ကာစီနိုတွင် ဝူဟန်အဆုတ်ရောင်ရောဂါ သံသယဖြစ်ဖွယ်တွေ့၍ အဝင်အထွက် ပိတ်ထား
ဇန်နဝါရီ 27, 2020
By Tachileik News Agency
တာချီလိတ် နယ်စပ် လာအိုနိုင်ငံဘက် ကာစီနိုတွင် ဝူဟန်အဆုတ်ရောင်ရောဂါ သံသယဖြစ်ဖွယ်တွေ့၍ အဝင်အထွက် ပိတ်ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်တွင် မြန်မာလုပ်သားများ အလုပ် လုပ်ကိုင်နေသည့်ကာစီနို၌ ဝူဟန်အဆုတ်ရောင်ရောဂါသံသယဖြစ်ဖွယ် တရုတ်အမျိုးသား နှစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့ကတွေ့ရှိ၍ သီးခြားစောင့်ကြည့်ကုသမှု ပြုလုပ်နေကြောင်း သိရသည်။

“ အဲဒီက ကာစီနိုမှာ တွေ့တယ်။ အဝင်အထွက် ပိတ်လိုက်တယ်ဆိုလို့ ဆက်သွယ်ပြီး မေးကြည့်တော့ သူတို့ ကာစီနိုတစ်ခုပဲ ပိတ်တယ်ပြောတယ်။ ကျန်တာတွေကတော့ အဝင်အထွက် မပိတ်ဘူး။ ပိတ်တာကလည်း တရုတ်နိုင်ငံသားတွေကိုပဲ ပိတ်တယ်လို့ ပြောတယ်။ အဲဒီကာစီနိုက မြန်မာလုပ်သားတွေကိုတော့ နေရပ်ပြန်ချင်ရင် ပြန်ခွင့်ပေးထားတယ်လို့ ပြောတယ်။ ဒီဘက်က စစ်တာကတော့ အဲဒီဘက်က တိုက်နယ်ဆေးရုံရှိတော့ တိုက်နယ်ဆေးရုံကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ အစီအမံနဲ့ စစ်ဖို့ ဆရာဝန်ကြီးဆီက ညွှန်ကြားထားပါတယ်”

ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ဇန်နဝါရီလ (၂၇)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်နှင့်နယ်စပ်ဖြစ်သည့် လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်၊ ဟွေဆိုင်းခရိုင်၊ တုံဖိန့်မြို့နယ်ရှိ ကင်းရိုမန်ကာစီနိုလောင်းကစားရုံ (Kings Roman Casino) မှ တရုတ်အမျိုးသား (၂) ဦးတွင် ဝူဟန်အဆုတ်ရောင် ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်) သံသယဖြစ်ဖွယ်တွေ့ရသဖြင့် ယင်းကဲ့သို့ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။

 “ထိုင်းနဲ့ ဆဝပ်ဒီကန်ဂိတ်ရော မိုင်းမောဂိတ်ရော ပိတ်တယ်။ သူတို့ ရောဂါလက္ခဏာတော့ မတွေ့သေးဘူး။ ကာကွယ်ဖို့ ခေတ္တပိတ်ထားတာ။ သူတို့က အဲဒီဘက်ခြမ်းမှာနေတဲ့သူလည်း ထွက်ခွင့်မပေးဘူး။ ဝင်ချင်တဲ့သူကိုလည်း ဝင်ခွင့်မပေးဘူး။ ခရိုင်က ညွှန်ကြားတာတော့ မထုတ်ဘူး။ သူတို့က သူတို့ကိုယ်ပိုင် စီမံခွင့်နဲ့ ပိတ်တာ”

ဟု လာအိုနိုင်ငံဘက်မှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် King’s Roman Casino ဝန်းအတွင်း ဝင်ထွက်သွားလာမှုကို ကာစီနိုလုံခြုံရေးဝန်ထမ်းများက စနစ်တကျ စစ်ဆေးနေပြီး ကာစီနိုဘက်သို့ ဝင်ရောက်မည့် သူများကိုလည်း ကန့်သတ်ထားရာ ဇန်နဝါရီလ (၂၆) ရက်နေ့က ကာစီနိုဘက်ပြန်ဝင်မည့် မြန်မာလုပ်သား (၆)ဦးကို လာအိုဘက် မိုင်းမောဆိပ်  ကမ်းမှနေ၍ မြန်မာဘက် ပြန်လွှတ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော် မနေ့က ပြန်ဖို့ပဲ။ အဲဒါ ကားသမားက ပြောတယ်။ မသွားနဲ့ဦး။ သူတို့ဘက်က အဝင်မခံဘဲ ပြန်လွှတ်နေတယ်။ နောက်ထပ် (၁၅)ရက်လောက် စောင့်ဦးလို့ပြောတယ်”

ဟု လာအိုရှိ ကာစီနိုအနီးတွင် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားတစ်ဦးက ပြောသည်။

မြန်မာ၊ ထိုင်းနှင့် လာအို (၃)နိုင်ငံနယ်စပ်ဖြစ်သည့် လာအိုနိုင်ငံ မြောက်ပိုင်း ဘိုကီယိုပြည်နယ်တွင် တရုတ် ရင်းနှီးမြုပ်နှံမှုဖြင့် အထူးစီးပွားရေး ဇုန်ဖေါ်ဆောင်လုပ်ကိုင်ခွင့် (၉၉)နှစ်အထိ ခွင့်ပြုထားသည့်နေရာ၌ ကာစီနိုလောင်းကစားရုံ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များဖြင့် လုပ်ငန်းလည်ပတ်နေကြခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း  - အင်မိုင်ခ


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~