နိုင်ငံခြားသားနှင့် နိုင်ငံသားဟောင်း (၅၉၁)ဦးကို နိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့် ထုတ်ပေးထား

နိုင်ငံခြားသားနှင့် နိုင်ငံသားဟောင်း (၅၉၁)ဦးကို နိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့် ထုတ်ပေးထား
ဇန်နဝါရီ 14, 2020
By Tachileik News Agency

 နိုင်ငံခြားသားနှင့် နိုင်ငံသားဟောင်း (၅၉၁)ဦးကို နိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့် ထုတ်ပေးထား

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖေါ်ရေး ဗဟိုကော်မတီက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့တွင် နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသားဟောင်း (၁၈)ဦးကို လူတွေ့စစ်ဆေးအတည်ပြုပေးထား၍ အမြဲတမ်းနေထိုင်ခွင့်ရထားသူ (၅၉၁)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူ (၁)ဦး၊ မြန်မာနိုင်ငံသားဟောင်း (၁၃)ဦးနှင့် ဆက်စပ်သူ နိုင်ငံခြားသား (၄)ဦး စုစုပေါင်း (၁၈) ဦးကို နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖေါ်ရေး ဗဟိုကော်မတီ ဥက္ကဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သည့်အဖွဲ့က လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ဇန်နဝါရီလ (၁၃)ရက်နေ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်များ၊ ရင်းနှီးမြုပ်နှံသူများ၊ မြန်မာနိုင်ငံသားဟောင်းများနှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူများကို အမျိုးအစား(၄)မျိုးခွဲခြားပြီး အမြဲတမ်းနေထိုင်ခွင့်ကို စိစစ်ခွင့်ပြုပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာလုပ်ငန်းစတင်သည့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့မှ ယခုအချိန်ထိ လျှောက်ထားသူ (၅၄၈)ဦးအနက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖေါ်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ဖြင့် အဆင့်ဆင့်စိစစ်ပြီး (၅၉၁)ဦးကို နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~