ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြားနည်းသုံးစွဲမှုအား စစ်ဆေးတွေ့ရှိပါက ရပ်/ကျေး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို အရေးယူမည်

ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြားနည်းသုံးစွဲမှုအား စစ်ဆေးတွေ့ရှိပါက ရပ်/ကျေး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို အရေးယူမည်
ဇန်နဝါရီ 22, 2020
By Tachileik News Agency

ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြားနည်းသုံးစွဲမှုအား စစ်ဆေးတွေ့ရှိပါက ရပ်/ကျေး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို အရေးယူမည်

လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းသုံးစွဲနေမှုများကို တင်ပြထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါက  သက်ဆိုင်ရာ ရပ်/ကျေး လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီများကို စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့တွင် မီဒီယာများသို့ ပြောကြားသည်။

 “လယ်ယာမြေကို အခြားနည်းသုံးစွဲနေကြတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာရပ်/ကျေး လယ်/စီ တွေမှာ အဓိက တာဝန်ရှိပါတယ်။ ရပ်ကျေးလယ်စီတွေက မိမိတို့ရပ်ရွာ၊ မိမိတို့ဒေသမှာ ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေ အခြားနည်းသုံးစွဲတာ တွေ့ရှိတယ်ဆိုရင် သူတို့အနေနဲ့ အထက်အဆင့်ဖြစ်တဲ့ မြို့နယ်လယ်စီ၊ မြို့နယ်က တစ်ဆင့် ခရိုင်၊ ဒီလိုအဆင့်ဆင့် အကြောင်းကြားရမှာ ဖြစ်ပါတယ်။ ဒါကို ပျက်ကွက်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ စီမံခန့်ခွဲရေးနည်းလမ်းနဲ့ အရေးယူသွားမှာပါ” 

ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ပြောကြားသည်။

လယ်ယာမြေကို ရေနံချက်စက်ရုံတည်ရန်ရောင်းချနေမှုများကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ တွေ့ရှိရ၍ တရားစွဲဆိုရန် ပခုက္ကူမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ညွှန်ကြားထားကြောင်း သိရသည်။

“၂၀၁၂ လယ်ယာမြေဥပဒေပုဒ်မ ၁၂ အရ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရလို့ အတိအကျ ပြဌာန်းထားပါတယ်။ ဒါကို လိုက်နာခြင်းမရှိဘူးဆိုရင် ပုဒ်မ ၁၉ နဲ့ အရေးယူလို့ရပါတယ်။ ပုဒ်မ ၁၉ မှာ ပုဒ်မ ၁၂ ပါ စည်းကမ်းချက်အားလုံးကိုဖြစ်စေ စည်းကမ်းချက်တစ်ခုကိုဖြစ်စေ လိုက်နာဖို့ပျက်ကွက်မယ်ဆိုရင် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဥပဒေ၊ နည်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ရမှာပါ။ ဒီနေရာမှာ ကျွန်တော်တို့က နည်းလမ်း (၄) ခုရှိပါတယ်။ သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ သတ်မှတ်ထားတဲ့ နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ လယ်ယာမြေပေါ်မှ နှင်ထုတ်ခြင်း၊ လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အဦများကို ဖယ်ရှားခြင်းဆိုတဲ့ နည်းလမ်း(၄)ရပ်နဲ့ အရေးယူနိုင်တယ်လို့ ပုဒ်မ ၁၉ မှာ ပြဌာန်းထားပါတယ်”

ဟု ဝန်ကြီးက ပြောသည်။

လယ်ယာမြေကို အခြားနည်းသုံးစွဲလိုပါက  ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးဧကများ လျော့နည်းမသွားစေရန်အတွက် အခြား နည်းသုံးစွဲခွင့်ပေးသည့်အခါတွင် စိုက်ပျိုး၍မကောင်းသောမြေ၊ စိုက်ပျိုးရေးနှင့် ဆက်စပ်လုပ်ငန်းများအတွက် အနည်းဆုံးလိုအပ်သည့် မြေဧရိယာကိုသာ စိစစ်ပြီး ခွင့်ပြုပေးလျှက်ရှိနေကြောင်းသိရပြီး မကွေးတိုင်းအတွင်း စိုက်ပျိုးမြေဧရိယာ စုစုပေါင်း ဧက သိန်း(၃၀)ဝန်းကျင်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~