မြန်မာကိုယ်စားပြု မိုင်းဇွဲမင်းခန့်Mister Universe Tourism 2019 ၏ Mister Photogenic ဆုရရှိ

မြန်မာကိုယ်စားပြု မိုင်းဇွဲမင်းခန့်Mister Universe Tourism 2019 ၏ Mister Photogenic ဆုရရှိ
ဒီဇင်ဘာ 2, 2019
By 🌸

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် Mister Universe Tourism 2019 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် Mister Photogenic ဆုကို ရယူနိုင်ခဲ့သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဇွဲမင်းခန့် (မိုင်းဇွဲမင်းခန့် )က နောက်ထပ် ပြိုင်ပွဲများနှင့် အနုပညာလုပ်ငန်းများအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။

 “ဝင်ပြိုင်တဲ့ (၁၀) နိုင်ငံထဲမှာ ဆုရတာက (၄) နိုင်ငံရှိတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက ပါဝင်ခဲ့တာပေါ့။ ဒီ Title ရတဲ့အတွက်လည်း ဝမ်းသာတယ်။ နောက်ပြီးတော့ ကျွန်တော့်ကိုလည်း အားပေးပါအုံးပေါ့နော်။ အထူးသဖြင့် တာချီလိတ်သားဖြစ်တဲ့ကျွန်တော့်ကို တာချီလိတ်ကလည်း အားပေးပါအုံးလို့ ကျွန်တော် ထပ်ဖြည့်ပြောချင်ပါတယ်”ဟု Mister Universe Tourism 2019 ၏ Mister Photogenic ဆုရှင် မိုင်းဇွဲမင်းခန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာဆီယံနှင့် အာရှဒေသရှိ နိုင်ငံကိုယ်စားပြု Mister (၁၀)ဦး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၁၇) ရက်မှ (၂၇) ရက်အထိ သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပခဲ့သည့် Mister Universe Tourism 2019 ပြိုင်ပွဲအတွက် မိုင်းဇွဲမင်းခန့်က ပြင်ဆင်ချိန်တစ်နှစ် အချိန်ယူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"သွားပြိုင်ဖို့ တစ်နှစ်လောက် အချိန်ပေးလိုက်ရတယ်။ မန္တလေး၊ ပုဂံထိဆင်းပြီးတော့ Tourism ဗီဒီယိုတွေ ရိုက်ရတယ်။ နေဝင်ချိန်တွေ ရိုက်ရတာတွေစသဖြင့် အခက်အခဲတော့ရှိတာပေါ့။ သွားပြိုင်တော့ တစ်ချို့က မြန်မာနိုင်ငံကို မသိတော့ နည်နည်းတော့ အားငယ်တာပေါ့။ ဘာသာစကား အခက်အခဲလည်း ရှိတာပေါ့။ အစားအသောက်ဆိုလည်း ရောက်ရောက်ချင်း မဆင်မပြေဘူး။ ကျွန်တော်ဖျားတဲ့ရက်တွေလည်း ရှိခဲ့တယ်"ဟု မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် Mister Universe Tourism 2019 ၏ Mister Photogenic ဆုရှင် မိုင်းဇွဲမင်းခန့်က ပြောသည်။

မိုင်းဇွဲမင်းခန့်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တာချီလိတ်မြို့တွင် ကျင်းပခဲ့သည့် Mister World Tachileik ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့်အပြင် ရန်ကုန်တွင် ကျင်းပသည့် Mister Myanmar ပြိုင်ပွဲတွင် ဆုထပ်မံရရှိခဲ့သဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်းဖြစ်သည်။

Mister Universe Tourism 2019 ၏ Mister Photogenic ဆုရှင် မိုင်းဇွဲမင်းခန့်က အနုပညာလုပ်ငန်းအဖြစ် မော်ဒယ်လုပ်ငန်းကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း ဟန်စိုးထိုက်
ဓါတ်ပုံ - ZMK

ဆက္စပ္သတင္း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~