တာချီလိတ်၌ ကျင်းပခဲ့သည့် ထောက်ခံပွဲတွင် SNLD ပါတီဆိုင်းဘုတ် မှားယွင်းကိုင်ဆောင်မှုနှင့် ပတ်သက်၍ ပွဲကျင်းပရေးအဖွဲ့မှ SNLD ပါတီရုံးသို့ သွားရောက် တောင်းပန်

တာချီလိတ်၌ ကျင်းပခဲ့သည့် ထောက်ခံပွဲတွင် SNLD ပါတီဆိုင်းဘုတ် မှားယွင်းကိုင်ဆောင်မှုနှင့် ပတ်သက်၍ ပွဲကျင်းပရေးအဖွဲ့မှ SNLD ပါတီရုံးသို့ သွားရောက် တောင်းပန်
ဒီဇင်ဘာ 11, 2019
By Tachileik News Agency
တာချီလိတ်၌ ကျင်းပခဲ့သည့် ထောက်ခံပွဲတွင် SNLD ပါတီဆိုင်းဘုတ် မှားယွင်းကိုင်ဆောင်မှုနှင့်  ပတ်သက်၍ ပွဲကျင်းပရေးအဖွဲ့မှ SNLD ပါတီရုံးသို့ သွားရောက် တောင်းပန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ICJ ကို သွားရောက်ရင်ဆိုင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ထောက်ခံပွဲတွင် ထောက်ခံသူတစ်ဦးက SNLD ဆိုင်းဘုတ်ကို ခေတ္တမှားယွင်းကိုင်ဆောင်မိသည့်အတွက် ပွဲကျင်းပရေးအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီတွင် သွားရောက် တောင်းပန်သည်ကို တွေ့ရသည်။

ပွဲဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဒေါက်တာမြင့်အောင်၊ အတွင်းရေးမှူး ဦးမျိုးမင်းသိန်းနှင့် စီမံခန့်ခွဲရေးရာမှူး ဦးတင့်ဆွေတို့က သွားရောက်တောင်းပန်ခဲ့ကြခြင်း ဖြစ်သည်။

“ ဘယ်လောက်ပဲ လုပ် လုပ်ပေါ့လေ အောက်ကလူအုပ်ကြီးကို ထိန်းရတဲ့အခါမှာ အားနည်းချက်ဆိုတာရှိမှာပါ။ ကျွန်တော်တို့ အားနည်းချက်ဖြစ်တဲ့ အတွက် သူတို့ကို အပေါ်အဆင့်ကနေ အောက်ခြေအဆင့်ထိအောင် ကျွန်တော်တို့က တာဝန်ရှိတဲ့အတိုင်း လာရောက်တောင်းပန်တာပါ”ဟု ပွဲဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဒေါက်တာမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာလ (၁၀)ရက်နေ့က ကျင်းပခဲ့သည့် ICJ တွင် တရားရင်ဆိုင်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို အားပေးဝန်းရံထောက်ခံပွဲ၌ ထောက်ခံသူတစ်ဦးက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်ကို ခေတ္တမှားယွင်း ကိုင်ဆောင်မိသည့်အတွက် ပွဲကျင်းပရေးကော်မတီက ပါတီနှစ်ခုလုံးနှင့် အများပြည်သူသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် တောင်းပန်လိုက်ခြင်းဖြစ်သည်။

 

ထောက်ခံပွဲသို့ ဖိတ်ကြားထားသည့် အဖွဲ့အစည်းများ၊ ပါတီများ လာရောက်ပါက အဆင်သင့်ဖြစ်စေရန် ဆိုင်းဘုတ် (၂၄)ခု ရေးထားရာ ရှမ်းတိုင်းရင်းသားများအဖွဲ့ ဆိုင်းဘုတ်နှင့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဆိုင်းဘုတ်ကို မှားယွင်း ကိုင်ဆောင်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာလ (၁၀)ရက်နေ့က ကျင်းပခဲ့သည့် ထောက်ခံပွဲတွင် အမျိုးသမီးတစ်ဦးက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဆိုင်းဘုတ် ကိုင်ဆောင်ထားသည့်ဓါတ်ပုံနှင့်ပတ်သက်၍ ပွဲကျင်းပသည့် NLD ပါတီအနေဖြင့် SNLD အား တောင်းပန်ရမည်ဟု SNLD ပါတီ ဗဟိုက ဒီဇင်ဘာလ (၁၀)ရက်နေ့၌ သတင်းမီဒီယာများသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အရင်ကတော့ ဒီပွဲက NLD ကလုပ်တယ်ပဲ ထင်ခဲ့တာ။ နောက်မှ တခြားပွဲကျင်းပရေးအဖွဲ့က လုပ်တာဆိုတာ သိခဲ့ရတာ။ ဒီပွဲမှာ ဆိုင်းဘုတ်မှားကိုင်ထားလို့ ဆိုင်းဘုတ်ကိစ္စကိုပဲ ကျွန်တော်တို့က ပြောခြင်းဖြစ်ပါတယ်။ ထောက်ခံပွဲကို ပြောနေတာမဟုတ်ပါဘူး။ မှားယွင်းမှုကို လာတောင်းပန်တာကိုလည်း လက်ခံပါတယ်”ဟု တာချီလိတ်မြို့နယ် SNLD ပါတီ ဥက္ကဌ ဦးစိုင်းနွံတွီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ICJ တွင် တရားရင်ဆိုင်နေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို အားပေးဝန်းရံထောက်ခံပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက် (၇)နာရီခွဲတွင် ရှမ်းရိုးမကွင်းအတွင်း လူစုပြီး စီတန်းချိန်တွင် ပါတီဆိုင်းဘုတ်နှင့် ရှမ်းတိုင်းရင်းသားများအဖွဲ့ဆိုင်းဘုတ်ကို မှားယွင်းကိုင်ဆောင်မိခြင်းဖြစ်သည်ဟု သိရသည်။

ဆိုင်းဘုတ်မှားယွင်းကိုင်ဆောင်မိသည့် ထောက်ခံပွဲတက်ရောက်သည့် အမျိုးသမီးကလည်း မှားယွင်းမှုအတွက် တောင်းပန်ကြောင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ရေးသားထားသည်ကိုလည်း တွေ့ရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~