မကွေးတွင် အဆောက်အဦဆောက်ရန် လိုင်းကျင်းတူးစဉ် ဗုံးသီးနှင့် ကျည်ဆံဟောင်းများတွေ့

မကွေးတွင် အဆောက်အဦဆောက်ရန် လိုင်းကျင်းတူးစဉ် ဗုံးသီးနှင့် ကျည်ဆံဟောင်းများတွေ့
ဒီဇင်ဘာ 3, 2019
By 🌸

မကွေးမြို့ သိင်္ဂါဂီရိရပ်ကွက်၌ အဆောက်အဦဆောက်လုပ်ရန် လိုင်းကျင်းတူးနေသည့် အလုပ်သမားများသည် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျွတ်ကျွတ်အိတ်ဖြင့်ထုတ်ထားသည့် ဗုံးသီးတစ်လုံးနှင့် ကျည်ဆံ (၃၄)တောင့်ကို တူးဖေါ်တေ့ွရှိရကြောင်း သိရသည်။

“ဒီနေ့မနက် ၁၁ နာရီခွဲလောက်မှာ လိုင်းကျင်းတူးနေတုန်း အဲဒါတွေက ကျွတ်ကျွတ်အိတ်ထုတ်နဲ့ ပေါ်လာလို့ ဖန်ပေသီးမှတ်ပြီး ပေါက်ပြားနဲ့ ပေါက်လိုက်တာမှာ ယမ်းစော်နံတာကြောင့် ဖြည်ကြည့်တော့မှ ဗုံးသီးနဲ့ ကျည်ဆံတွေဖြစ်နေတာတွေ့ရတယ်။ အဲဒါနဲ့ အိမ်ရှင်ကို ခေါ်ပြလိုက်တာ”ဟု ပန်းရံလုပ်သား မောင်ဖြိုးဝေအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဗုံးသီးနှင့် ကျည်ဆံများ တွေ့ရှိကြောင်း အိမ်ရှင် ဒေါ်ငြိမ်းငြိမ်းဝင်းက သိင်္ဂါဂီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သန်းထံ အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာက လာရောက်စစ်ဆေးရာ ၉ မမ အမျိုးအစား ကျည်(၃၄)တောင့်၊ 91 ဗုံးသီး(၁)လုံးနှင့် ဝါယာကြိုးထုံး(၁)ခွေတို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

“သုံးလို့မရတော့တဲ့ အဟောင်းတွေပေမဲ့ အန္တရာယ်တော့ရှိပါတယ်။ ဗုံးသီးက အဟောင်းဆိုတော့ အတွင်း စက်ခလုတ်ပိုင်းဆိုင်ရာက ဘယ်လိုရှိနေမလဲဆိုတာ မသိနိုင်ဘူးလေ။ ဒါမျိုးတွေကို ကြေးနန်းတင်ပြပြီး ဖောက်ခွဲဖျက်ဆီးပစ်မှာပါ”ဟု စအရ (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ ဗိုလ်ကြီးဇင်မောင်ကျော် က ပြောသည်။

ခဲယမ်းများတွေ့ရှိသည့်နေရာသို့ စအရ (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ တာဝန်ရှိသူများက  လာရောက်စစ်ဆေးပြီး နေ့လယ် (၁၂)နာရီခွဲအချိန်တွင် သိမ်းဆည်းသွားကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~