ကုန်သွယ်ရေးစတင်နေသည့် မြန်မာ-လာအိုချစ်ကြည်ရေးတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန စစ်ဆေး

ကုန်သွယ်ရေးစတင်နေသည့် မြန်မာ-လာအိုချစ်ကြည်ရေးတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန စစ်ဆေး
ဒီဇင်ဘာ 3, 2019
By 🌸

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအိုချစ်ကြည်ရေးတံတားတွင် ၂၀၁၉ ခုနှစ်မှစ၍ ကုန်သွယ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ဒီဇင်ဘာလ (၃) ရက်နေ့တွင် သွားရောက်စစ်ဆေးသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့်အတူ တာချီလိတ်ခရိုင်နှင့် မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့က နှစ်နိုင်ငံတံတားမှ ကုန်စည်တင်ပို့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးနောက် တာလေ-မိုင်းပါရှိုး-ကျိုင်းလပ်လမ်းခင်းကျင်းထားမှုအခြေအနေကို စစ်ဆေးခဲ့သည်။

မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြောင်း၊ ဆန်၊ ဆိတ်နှင့် ဒေသထွက် ရာဘာများတင်ပို့နေမှုအခြေအနေနှင့် တာလေမြို့ရှောင်လမ်းဖောက်လုပ်နေမှုများကို သွားရောက်စစ်ဆေးခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးသည် ဒီဇင်ဘာလ (၂)ရက်နေ့က တာချီလိတ်သို့ရောက်ရှိနေစဉ်အတွင်း မိုင်းဆတ်-တာချီလိတ်လမ်း ဖောက်လုပ်နေမှုအခြေအနေ၊ တာချီလိတ်မြို့နယ်တွင်း ကျေးရွာချင်းဆက်လမ်းများဖောက်လုပ်ထားမှုအခြေအနေ၊ တာချီလိတ်မြို့ရှောင်လမ်း ဖောက်လုပ်နေမှုများကို သွားရောက်စစ်ဆေးခဲ့သည်။

မြန်မာ - လာအိုချစ်ကြည်ရေးတံတားကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခြင်းဖြစ်သော်လည်း အသုံးပြုနိုင်ခြင်းမရှိသေးဘဲဖြစ်နေရာမှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း မြန်မာဘက်မှ ကုန်စည်တင်ပို့မှု စတင်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ခွင့် ပိတ်ထားသည့် စိုက်ပျိုးရေးထွက်ကုန်များကို မြန်မာက လာအိုမှတစ်ဆင့် တင်ပို့ရန်အတွက် မြန်မာ - လာအိုချစ်ကြည်ရေးတံတားကို အသုံးပြုလာကြခြင်းဖြစ်သည်။

အဆိုပါ တံတားတည်ဆောက်ရေးအတွက် ၂၀၁၃ ခုနှစ်က သမ္မတ ဦးသိန်းစိန်၏ လာအိုနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် နှစ်နိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး တည်ဆောက်ကာ ၂၀၁၅ ခုနှစ်အတွင်း ဖွင့်ပွဲကျင်းပခဲ့ခြင်းဖြစ်သော်လည်း တံတားကုန်ကျစရိတ် သုံးပုံနှစ်ပုံ ကုန်ကျခံထားသည့် လာအိုနိုင်ငံက တံတား၏ သုံးပုံနှစ်ပုံ ရယူသတ်မှတ်လိုသဖြင့် မြန်မာ့ နယ်နိမိတ် မနစ်နာ စေရေးအတွက် မြန်မာနိုင်ငံက တံတား၏ ကုန်ကျစရိတ်ကို ၂၀၁၇ ခုနှစ်တွင် ပြန်လည် ပေးချေခဲ့ရခြင်း ဖြစ်သည်။

မြန်မာ - လာအို ချစ်ကြည်ရေး မယ်ခေါင်မြစ်ကူးတံတားအား စီမံခန့်ခွဲမှုဆိုင်ရာ နှစ်နိုင်ငံသဘောတူညီမှု စာချုပ်ကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လာအိုနိုင်ငံခြားရေးဝန်ကြီးတို့က နေပြည်တော်တွင် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၅) ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အမေရိကန် ဒေါ်လာ (၂၆) သန်းကုန်ကျသည့် တံတားကို နယ်စပ်ဝင်ထွက်ပေါက်အဖြစ် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့မှစတင်၍ အသုံးပြုလာခြင်းဖြစ်သော်လည်း လတ်တလောတွင် နှစ်နိုင်ငံနယ်စပ်ဒေသ၌ နေထိုင်သူများကိုသာ  ဖြတ်သန်းခွင့်ပေးထားခြင်းဖြစသ်ည်။

မြန်မာနိုင်ငံဘက်မှ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နှင့် လာအိုနိုင်ငံ စီအင်ကောက်မြို့တို့ကို ဆက်သွယ်ထားသည့် နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ နယ်စပ်ဝင်ထွက်ပေါက်မှနေ၍ နှစ်နိုင်ငံသားများအား နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ဖြင့် (၁၃)ညအိပ် (၁၄)ရက်ခရီး ခွင့်ပြုထားခြင်းဖြစ်ကာ နယ်စပ်ဒေသနေ မြန်မာနိုင်ငံသားများကို လာအိုနိုင်ငံ လောင်နန်သာခရိုင် မောင်စင်မြို့နှင့် မောင်လောင်မြို့များအထိ ခွင့်ပြုထားပြီး နယ်စပ်ဒေသနေ လာအိုနိုင်ငံသားများကို တာချီလိတ်မြို့နှင့် မိုင်းယောင်းမြို့များအထိ သွားလာခွင့်ပြုထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း မြန်မာ - လာအိုနယ်စပ်ဖြစ်သည့် မဲခေါင်မြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်း (ဝမ်ပုံ) မှနေ၍ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် (၆)ညအိပ် (၇)ရက်ခရီး ခွင့်ပြုပေးထားပြီး မြန်မာနိုင်ငံသားများကို လာအိုနိုင်ငံ လုံတိုင်းထားပြည်နယ်အတွင်း ကီလိုမီတာ (၃၀)ခန့်အထိလည်းကောင်း၊ လာအိုနိုင်ငံသားများကို တာချီလိတ်မြို့နယ်အတွင်းလည်းကောင်း ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့ဖြင့် နယ်နမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် အတွင်း တာချီလိတ် - မယ်ဆိုင်ကို ဆက်သွယ်ထားသည့် မြန်မာ - ထိုင်းနယ်စပ်ဝင်ထွက်ပေါက်၊ ဝမ်ပုံ - လုံတားထိုင်းဆက်သွယ်ထားသည့် ဝမ်ပုံဆိပ်ကမ်းနှင့် ကျိုင်းလပ် - စီအင်ကောက်ဆက်သွယ်ထားသည့် မြန်မာ - လာအိုနယ်စပ် ဝင်ထွက်ပေါက်များ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ - ဟန်စိုးထိုက်

ဆက်စပ်သတင်း




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~