တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် KNUတို့ နေပြည်တော်တွင် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမည်

တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် KNUတို့ နေပြည်တော်တွင် တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမည်
ဒီဇင်ဘာ 9, 2019
By Tachileik News Agency

တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရိပ်သာ၌ တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် NCA ပါ အပစ်အခတ်ရပ်စဲရေးအကောင်အထည်ဖေါ်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးလုပ်ငန်းစဉ် ရေးဆွဲသဘောတူညီချက်ရယူနိုင်ရေး ကြိုးစားမည့်အပြင် အောက်ခြေတွင် ဖြစ်ပွားနေသည့် တင်းမာမှုများကို ဖြေရှင်းနိုင်ရန်လည်း မျှော်လင့်သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

KNU အနေဖြင့် ၂၀၁၂ ခုနှစ်၊ ပဏာမအပစ်အခတ်ရပ်စဲရေးကာလမှ NCA လက်မှတ်ထိုးပြီးသည်အထိ ကာလအတွင်း နားလည်မှု လွဲမှားပြီးဖြစ်ပွားသည့် သာမန်ထိတွေ့မှု အနည်းငယ်မှလွဲ၍ အပစ်အခတ်ရပ်စဲရေး ထိန်းသိမ်းနိုင်ခဲ့သော်လည်း လက်ရှိတွင် အချို့ဒေသများ၌ တပ်မတော်က အင်အားတိုးချဲ့ခြင်း၊ KNU တပ်မဟာ (၃)နှင့် (၅) ဒေသများအတွင်း ကားလမ်းတိုးချဲ့ဖောက်လုပ်နေခြင်းများမှာ NCA ပါအချက်များနှင့် ကွဲလွဲနေသည်ဟု KNU က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

တပ်ပိုင်းဆိုင်ရာညှိနှိုင်းဆွေးနွေးကြည့် KNU ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ (၉)ရက်နေ့တွင် ဗဟိုဌာနချုပ်မှနေ၍ နေပြည်တော်သို့ သွားရောက်နေပြီဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ခေါင်းဆောင်သည့် တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~