မူးယစ်အမှုဖြင့်သိမ်းဆည်းထားသည့် ယာဉ်အတွင်းက စိတ်ကြွဆေး ၉၆၀၀၀ကို ၄ရက်အကြာတွင်ထပ်မံတွေ့ရှိ

မူးယစ်အမှုဖြင့်သိမ်းဆည်းထားသည့် ယာဉ်အတွင်းက စိတ်ကြွဆေး ၉၆၀၀၀ကို ၄ရက်အကြာတွင်ထပ်မံတွေ့ရှိ
ဒီဇင်ဘာ 13, 2019
By Tachileik News Agency
စိတ်ကြွဆေးပြား (၁၁)သိန်းခွဲ ဖမ်းမိ၍ ရဲတပ်ဖွဲ့က သိမ်းဆည်းထားသည့် ကားအတွင်းမှ (၄)ရက်အကြာတွင် စိတ်ကြွဆေးပြား ၉၆၀၀၀ ထပ်မံ တွေ့ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်အတွင်း တာဆန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယာဉ်များအား ရပ်တန့် စစ်ဆေးစဉ် မိုင်းတုံဘက်သို့ လာသည့် ယာဉ်တစ်စီး၏ ကြမ်းခင်းအတွင်းမှ စိတ်ကြွဆေးပြား အရေအတွက် (၁၁)သိန်းခွဲအား ရှာဖွေတွေ့ရပြီးနောက် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားသည့် ယာဉ်အတွင်းမှ (၄)ရက်အကြာတွင်   စိတ်ကြွဆေးပြား (၉၆,၀၀၀)ပြားကို ထပ်မံတွေ့ရှိရကြောင်း မူးယစ်ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်း တာဆန်းကျေးရွာအနီးရှိ တာဆန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့က စစ်ဆေးမှုများ ပြုလုပ်စဉ် မိုင်းပန်ဘက်မှ မိုင်းတုံဘက်သို့ စိုင်းစွမ်ဟန် မောင်းလာပြီး စိုင်းနော်ခမ်း လိုက်ပါလာသည့် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ မော်တော်ယာဉ်၏ ကြမ်းခင်းအတွင်း နှင့် ယာဉ်၏ ဘော်ဒီအတွင်းတို့မှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၁၁)သိန်းခွဲအား ရှာဖွေတွေ့ရှိရ၍ မူးယစ်ဆေးဝါးနှင့်အတူ မော်တော်ယာဉ်အား သိမ်းဆည်းကာ   စိုင်းစွမ်ဟန် နှင့်  စိုင်းနော်ခမ်း တို့အား မိုင်းပန်မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့အား ဖမ်းဆီး အမှုဖွင့်စစ်ဆေးမှု၏ (၄)ရက်မြောက်နေ့ ဖြစ်သည့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့ ညနေ(၃)နာရီ မိနစ်(၄၀)ဝန်းကျင်အချိန်တွင် သက်သေခံအဖြစ် သိမ်းဆည်းထားသည့် မော်တော်ယာဉ်အတွင်း အသေးစိတ် ထပ်မံစစ်ဆေးရှာဖွေရာမှ ယာဉ်မောင်းထိုင်ခုံအောက်ရှိ အံဝှက်အတွင်းမှ ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား (၉၆၀၀၀)ပြားအား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်အတွင်းမှ ဒုတိယအကြိမ် စိတ်ကြွဆေးပြားများ ထပ်မံ ရှာဖွေတွေ့ရှိရသည့်အတွက်  စိုင်းစွမ်ဟန် နှင့် စိုင်းနော်ခမ်း တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအရ ထပ်မံ အရေးယူထားပြီး ကွင်းဆက်ဖော်ထုတ်ရမိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

ဆက်စပ်သတင်း 




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~