တာချီလိတ်ကုန်သည်များ ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းများ လေ့လာရန် အကောက်ခွန် တိုက်တွန်း

တာချီလိတ်ကုန်သည်များ ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းများ လေ့လာရန် အကောက်ခွန် တိုက်တွန်း
ဒီဇင်ဘာ 3, 2019
By Tachileik News Agency

သုံးနိုင်ငံနယ်စပ်ဒေသရှိ တာချီလိတ်မြို့မှ ကုန်သည်များအနေဖြင့် ကုန်သွယ်ရေးလုပ်ငန်းဆိုင်ရာများကို လေ့လာကြရန် အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့ ကုန်သည်များနှင့် တွေ့ဆုံစဉ် တိုက်တွန်းလိုက်သည်။

"တာချီလိတ်မှာရှိတဲ့ ကုန်သည်တွေက လုပ်နိုင်စွမ်းတွေ အများကြီးရှိပါတယ်။ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေရယ်၊ အခွန်ပိုင်းဆိုင်ရာတွေ နားလည်ဖို့ တာချီလိတ်ကုန်သည်အသင်းက လုပ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဌာနဆိုင်ရာတွေ ကုန်သည်တွေနဲ့က ချိတ်ဆက်ဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ အမိန့်တွေ၊ ညွှန်ကြားချက်တွေကို မသိရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲနိုင်ပါတယ်"ဟု အကောက်ခွန်ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်က ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအနေဖြင့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေးအပြင် တရုတ်နှင့် ကုန်သွယ်ရေး အခွင့်အလမ်းကောင်းများပါရှိနေသည့်အတွက် ကုန်သွယ်လုပ်ငန်းဆိုင်ရာများကို လေ့လာထားခြင်းဖြင့် ကုန်သည်များအနေဖြင့် အခွင့်အလမ်းကောင်းများကို ရယူနိုင်မည်ဟု ကုန်သွယ်ရေးဦးစီးဌာနက တိုက်တွန်းသည်။

"တာချီလိတ်မှာက ကုန်သွယ်ရေးလမ်းကြောင်းအနေနဲ့ ထိုင်းနိုင်ငံအပြင် တရုတ်ဘက်ကို သွားနိုင်တဲ့ အခွင့်အလမ်းကောင်းတွေရှိပါတယ်။ တရုတ်နိုင်ငံကိုသွားနိုင်တဲ့လမ်းကြောင်းတွေ ကျွန်တော်တို့ရှာနေပါတယ်။ မန္တလေးမှာရှိတဲ့ မိတ်ဆွေတွေနဲ့ မူဆယ်မှာရှိတဲ့မိတ်ဆွေတွေကို ပြောလိုက်တဲ့နောက်မှာ တာချီလိတ်မှာ ကုန်သွယ်မှုတိုးလာပါတယ်"ဟု ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောသည်။

ထိုင်းနိုင်ငံနှင့်သာ အဓိကကုန်သွယ်နေသည့် တာချီလိတ်ခရိုင်တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှစ၍ တာချီလိတ်မြို့နယ်အတွင်းရှိ ကျိုင်းလပ် - လာအိုနယ်စပ်တံတားမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ ပြောင်းနှင့် လယ်ယာထွက်ကုန်များ နေ့စဉ် (၁၂) ဘီးကား အစီး (၃၀) ခန့် ဖြတ်သန်းတင်ပို့နေပြီဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၂) ရက်က ကျင်းပစဉ် ကုန်သည်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

ဆက်စပ်သတင်း




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~