တာချီလိတ်မြို့မီးလင်းရေးကော်မတီက လျှပ်စစ်မီးပြန်လည်ဖြန့်ဝေပေးခြင်းနှင့်ပတ်သက်၍ မူဝါဒရေးဆွဲနေ

တာချီလိတ်မြို့မီးလင်းရေးကော်မတီက လျှပ်စစ်မီးပြန်လည်ဖြန့်ဝေပေးခြင်းနှင့်ပတ်သက်၍ မူဝါဒရေးဆွဲနေ
ဒီဇင်ဘာ 7, 2019
By 🌸
တာချီလိတ်မြို့မီးလင်းရေးကော်မတီက လျှပ်စစ်မီးပြန်လည်ဖြန့်ဝေပေးခြင်းနှင့်ပတ်သက်၍ မူဝါဒရေးဆွဲနေ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးပြန်လည်ဖြန့်ဝေပေးရေးနှင့်ပတ်သက်၍ မြို့မီးလင်းရေးကော်မတီက လျှပ်စစ်မီးဖြန့်ဝေခြင်းဆိုင်ရာ မူဝါဒရေးဆွဲခြင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စတင် ဆောင်ရွက်နေပြီဖြစ်သည်။

"မူဝါဒရေးဆွဲဖို့ အကြံပြုထားတာပေါ့။ သူတို့လည်းလိုက်လုပ်နေပါတယ်။ အချက် (၁၆) ချက်ပါမယ်ပေါ့။ ဒီနေ့တော့ (၈) ချက်ဆွေးနွေးဖြစ်ခဲ့တယ်။ မီးပေးဝေရေးနဲ့ပတ်သက်ပြီး အကုန်လွှမ်းခြုံနိုင်အောင်ရေးဆွဲဖို့ လုပ်နေတာပေါ့။ အိမ်ရှင်၊ အိမ်ငှားတွေအတွက်လည်းပါတယ်"ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးပေးဝေရေးလုပ်ငန်းများ စနစ်တကျလုပ်ကိုင်နိုင်ရေးအတွက် တာချီလိတ်မြို့ မီးလင်းရေးကော်မတီက မူဝါဒရေးဆွဲရေးဆိုင်ရာ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ နေ့လယ် (၂) နာရီက တာချီလိတ်မြို့ မီးလင်းရေးကော်မတီရုံးသစ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်နှင့် တာချီလိတ်မြို့ မီးလင်းရေးကော်မတီဝင်များ တက်ရောက်ဆွေးနွေးကြသည်ကို တွေ့ရသည်။

"မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီးဆွေးနွေးကြတာပေါ့။ ပြီးတော့ မပြီးသေးပါဘူး။ ကော်မတီပိုင်း ဆက်ပြီးဆွေးနွေးရဦးမှာပေါ့။ အသေးစိတ်ရေးဆွဲနေတုန်းပေါ့။ ပြည်နယ်လျှပ်စစ်ဝန်ကြီးကတော့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့အထိ စမ်းသပ်တာဝန်ပေးထားတာပေါ့။ မူဝါဒရေးဆွဲပြီးရင် အစိုးရသက်တမ်း အတိုင်း (၅) နှစ်ဆို (၅) နှစ်။ (၃) နှစ်ဆို (၃) နှစ် လုပ်ငန်း တာဝန်ထမ်းဆောင်ရမှာပေါ့"ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီ ဥက္ကဌ ဦးတင်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့မီးလင်းရေးကော်မတီကို ဒေသအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများဖြင့် ဖွဲ့စည်းဆောင်ရွက်လာခဲ့ရာမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့မှစပြီး ဌာနဆိုင်ရာများ မပါဝင်ဘဲ မြို့မိမြိုဖ မြို့လူထုသာပါဝင်သည့် ကော်မတီအဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ အသစ်ပြန်လည်ဖွဲ့စည်းလာခြင်းဖြစ်သည်။

လက်ရှိ တာဝန်ယူထားသည့် မြို့မီးလင်းရေးကော်မတီတွင် နာယကများအဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် မြို့မိမြို့ဖ ဦးဝန်းယုံးတို့က ဆောင်ရွက်ပြီး ဥက္ကဌအဖြစ် ဦးတင်လှိုင်(အဆွေတော်)၊ အတွင်းရေးမှူးအဖြစ် ဦးစိုင်းအုန်းကျော်(မြေစာရင်း-ငြိမ်း)၊ အဖွဲ့ဝင်များအဖြစ် ဦးစိုင်းလုံမား(မြို့မိမြို့ဖ)၊ ဦးမင်းနိုင်(မီးလင်းရေးရုံးခွဲ အဖွဲ့(၂)၊ ဦးစိုင်းဆမ်ဆု (အင်ဂျင်နီယာ၊မြို့ပြ)၊ ဒေါ်စုစန္ဒာဝင်း(ဥပဒေပညာရှင်)၊ ဦးဟန်ဝင်းအောင်(လျှပ်စစ်အင်ဂျင်နီယာ)၊ ဦးမြင့်သိန်း(ရဲအုပ်ငြိမ်း)၊ ဦးစိုင်းဘုန်းမြတ်( M&E သင်တန်းဆင်း)၊ ဦးစိုင်းလုံဟောင်(ရပ်မိရပ်ဖ)၊ ဦးသိန်းညွှန့်(ဟုတ်တက်တရုတ်ဘုံကျောင်း)၊ ဦးအားလယ် (အာခါစာပေနှင့် ယဉ်ကျေးမှု)၊ ဦးရဲထွန်းသိန်း(တိုးတက်ဟိန်း ဆောက်လုပ်ရေးကုမ္ပဏီ)တို့ တာဝန်ယူထားကြခြင်းဖြစ်သည်။

တာချီလိတ်မြို့ မီးလင်းရေးကော်မတီသည် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို ဝယ်ယူရာတွင် ထိုင်းနိုင်ငံမှ ရောင်းချသည့်မူရင်းဈေးအပြင် လျှပ်စစ်မီးဝယ်ယူရေး ကြားခံဆောင်ရွက်ပေးသည့် ထိုင်း Allure ကုမ္ပဏီကို တစ်ယူနစ်လျှင် (၁) ဘတ်နှုန်းပေးဆောင်ရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို မီးလင်းရေးကော်မတီက ဖြန့်ဝေသည့် လျှပ်စစ်ဓါတ်အားကို အိမ်ခန်းငှားရမ်းသူများက အိမ်ငှားများထံ အမြတ်တင်၍ ကောက်ခံနေခြင်းများလည်းရှိနေရာ ယင်းကဲ့သို့လုပ်ဆောင်ခြင်းများအား အရေးယူနိုင်ရန်ကိုလည်း လက်ရှိရေးဆွဲနေသည့် မူဝါဒတွင် ပါဝင်လာဖွယ်ရှိသည်ဟု သိရသည်။

မီးလင်းရေးကော်မတီက ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို တာချီလိတ်မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စု နှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုများသို့ ဖြန့်ဖြူးပေးဝေနေခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~