တာချီလိတ်စက်မှုဇုန် သိမ်းဆည်းမြေမှ ပိုလျှံမြေများ ပြန်လည်ပေးအပ်ရေး ဆွေးနွေး

တာချီလိတ်စက်မှုဇုန် သိမ်းဆည်းမြေမှ ပိုလျှံမြေများ ပြန်လည်ပေးအပ်ရေး ဆွေးနွေး
ဒီဇင်ဘာ 2, 2019
By Tachileik News Agency
တာချီလိတ်စက်မှုဇုန် သိမ်းဆည်းမြေမှ ပိုလျှံမြေများ ပြန်လည်ပေးအပ်ရေး ဆွေးနွေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ စက်မှုဇုန်အတွက် သိမ်းဆည်းထားသည့်မြေယာများမှ လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိသည့် မြေယာများကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် တောင်သူများ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၂) ရက်နေ့တွင် ဆေးခမ်းရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံဆွေးနွေးကြသည်။

"နိုင်ငံတော်ရဲ့ ဥပဒေအရ မူလတောင်သူတွေကိုသာ ပေးခွင့်ရှိတာဖြစ်တဲ့အတွက် (၁၃၄) ယောက်ပဲ ရမှာဖြစ်ပါတယ်။ ပေးတဲ့အခါမှာ ဘယ်လိုပြန်ပေးမလဲဆိုတာ ကျွန်တော်တို့စဉ်းစားရတယ်။ စက်မှုလယ်ယာပုံစံမျိုးတွေ ဧကကွက်တွေ ရိုက်လိုက်မယ်။ ဧကကွက်တွေအပြင် လမ်းတွေပါမယ်။ ရေမြောင်းတွေ ပါလာမယ်။ ဧကကွက်တွေဖြစ်လာမှ (၅.၅၆) ဧကပါသွားတဲ့သူတွေကို (၅) ကွက်နဲ့ တစ်ဝက်ခွဲပေးလိုက်မယ်။ (၄.၂၆) ပါသွားတဲ့သူတွေကို (၄) ကွက်နဲ့ တစ်မတ်ပေးလိုက်မှာပေါ့။ ဒီလိုစနစ်တကျလုပ်မှသာလျှင် အနီးစပ်ဆုံး ပြန်ပေးလို့ရမယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တွေ့ဆုံပွဲတွင် ဆွေးနွေးသည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြေသိမ်းခံတောင်သူများ တက်ရောက်ကြခြင်းဖြစ်သည်။

တာချီလိတ်စက်မှုဇုန်စီမံကိန်း အကောင်အထည်မဖော်နိုင်သည့် လယ်ယာမြေများကို မူလတောင်သူများထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တောင်သူ လယ်သမား ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့ဝင် (၈)ဦးဖြင့် စက်မှုဇုန် (၃၁၇.၀၈) ဧကအား ပြန်လည်တိုင်းတာရေးအဖွဲ့ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့က ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။

တာချီလိတ်စက်မှုဇုန်ဖော်ဆောင်ရေးအတွက် ယခင်က ဟောင်လိတ်ဟု ခေါ်သည့် ဆေခမ်းရပ်ကွက်အတွင်းရှိ လယ်ယာမြေဧက (၆၀၀)ကျော် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး အကောင်အထည်မဖော်နိုင်ဘဲကျန်နေသည့် (၃၁၇) ဧကကို မူလတောင်သူများထံပြန်လည်ပေးအပ်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာရေးအဖွဲ့ဖြင့် မြေပြင်တိုင်းတာခြင်းနှင့် ဦးပိုင်စာရင်းများကောက်ယူခြင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း






~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~