တာချီလိတ်မြို့ရှိ ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းလုပ်ပိုင်ခွင့်ရ မြေတွင် မြေကွက်ရောင်းချထားသူများ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ပြုလုပ်မည့် တွေ့ဆုံပွဲသို့ လာရောက်ဖြေရှင်းမှု မပြုလုပ်ပါက ကန့်ကွက်လွှာကို ပယ်ဖျက်မည်

တာချီလိတ်မြို့ရှိ ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းလုပ်ပိုင်ခွင့်ရ မြေတွင် မြေကွက်ရောင်းချထားသူများ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ပြုလုပ်မည့် တွေ့ဆုံပွဲသို့ လာရောက်ဖြေရှင်းမှု မပြုလုပ်ပါက ကန့်ကွက်လွှာကို ပယ်ဖျက်မည်
ဒီဇင်ဘာ 14, 2019
By Tachileik News Agency
တာချီလိတ်မြို့ရှိ ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းလုပ်ပိုင်ခွင့်ရ မြေတွင် မြေကွက်ရောင်းချထားသူများ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ပြုလုပ်မည့် တွေ့ဆုံပွဲသို့  လာရောက်ဖြေရှင်းမှု မပြုလုပ်ပါက 
ကန့်ကွက်လွှာကို ပယ်ဖျက်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်အတွင်း မြို့ကွက်သစ် အပိုင်း(ဈ)အနီးရှိ ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့အမည်ဖြင့် လုပ်ပိုင်ခွင့်ရရှိထားသည့် မြေဧက (၂၀) ပေါ်တွင် အကြောင်း အမျိုးမျိုးဖြင့် မြေကွက်ရိုက်ရောင်းချထားသူများကို တွေ့ဆုံဖြေရှင်းရန် (၂) ကြိမ်တိုင်ခေါ်ယူခဲ့ပြီး တတိယ အကြိမ်မြောက် လာရောက်ဖြေရှင်းမှု မပြုလုပ်ပါက ကန့်ကွက်လွှာကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်ဆိုင်း(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဒီဇင်ဘာလ (၆) ရက်နေ့က ပထမအကြိမ် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရာ၌ မြေကွက်ဝယ်ယူထားသူ (၃၉) ဦးတက်ရောက်ခဲ့ပြီး ဒီဇင်ဘာ (၁၀) ရက်နေ့က ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရာ၌ မြေကွက်ဝယ်ယူထားသူ (၂၁) ဦး တက်ရောက်ခဲ့ကြသော်လည်း ကန့်ကွက်လွှာတင်ထားသည့် ဦးဇော်ဇော်ထွန်း၏ ခြံစောင့်ဆိုသူများ လာရောက်ဖြေရှင်းမှုမရှိခဲ့သဖြင့် ဒီဇင်ဘာ (၁၅) ရက်နေ့တွင်ပြုလုပ်မည့် တွေ့ဆုံညှိနှိုင်းပွဲသို့ လာရောက်ဖြေရှင်းခြင်းမရှိပါက ကန့်ကွက်လွှာကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

"မြို့နယ်က ညွှန်ကြားချက် ချထားပေးပြီးသား။ သူတို့က ရပ်ကွက်ကို လိပ်မူပြီး ကန့်ကွက်တဲ့အတွက် ကျွန်တော်တို့က ဖြေရှင်းဖို့ခေါ်တာပေါ့။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ခေါ်ပြီးပြီ။ တတိယအကြိမ် ခေါ်လို့မလာရင် သူတို့ရဲ့ကန့်ကွက်လွှာကို ကျွန်တော်တို့အနေနဲ့ စဉ်းစားစရာမလိုတော့ဘူး။ မြို့နယ်က ညွှန်ကြားထားတာက စာရင်းပူးပေါင်းကောက်ပါ။ ဦးစိန်မောင်ရဲ့သားကလည်း ဆက်လုပ်မယ်ဆိုတော့ သူ့လမ်းကြောင်းနဲ့သူ ဆက်လုပ်သွားမှာပေါ့။ မြေပြင်လက်ရောက်ပေးတာတို့ ဘာတို့က ကျွန်တော်တို့နဲ့ မဆိုင်တော့ဘူး"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အပိုင်း(ဈ)အနီးရှိ ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ လုပ်ပိုင်ခွင့်ရရှိထားသည့် မြေဧက (၂၀) ပေါ်တွင် ဦးဇော်ဇော်ထွန်း၏ Special Power ဖြင့် မြေကွက်ရောင်းချထားသူ (၅၅) ဦး၊ ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းနာမည်ဖြင့် မြေကွက်ရောင်းချထားသူ (၄) ဦး၊ အဆိုပါမြေပေါ်တွင် (လန-၃၉) မရရှိချိန်က ဦးဇော်ဇော်ထွန်းနာမည်ဖြင့် မြေကွက်ရောင်းချထားသူ (၂၄) ဦး၊ (ဈ) မြေကွက်အဖြစ်အမည်တပ်ကာ မြေကွက်ရောင်းချထားသူ (၁၁) ဦး၊ ဒေါ်မီကေးမှ ဆန်ဆိုင်းတိုးချဲ့မြေအဖြစ် အမည်တပ်ကာ မြေကွက်ရောင်းချထားသူ (၁၂) ဦး၊ ဦးဟိုက်စံအမည်ဖြင့် (လန-၃၉) မရရှိချိန်က မြေကွက်ရောင်းချထားသူ (၈) ဦး၊ ခြံစောင့်ဆိုသူများက မြေကွက်ရောင်းချထားသူ (၂) ဦး၊ စုစုပေါင်း မြေကွက်ဝယ်ယူထားသူ (၁၁၆) ဦးရှိနေကြောင်း သိရသည်။

"သူတို့အချင်းချင်း ရောင်းကြ၊ ဝယ်ကြရင်းနဲ့ ပြဿနာတွေဖြစ်ကြတာ။ ထွေအုပ်အနေနဲ့ လုပ်ထုံးလုပ်နည်းအရ လုပ်ပေးရမှာက တစ်ပိုင်းပေါ့။ မြို့မှာ ပြသနာတွေတက်နေတဲ့အတွက် ရှင်းမယ်ဆိုရင်လည်း ရှင်းကြ။ သူ(ဦးစိန်မောင်သား)တစ်ယောက်တည်း စုမယ်ဆိုရင် ဘယ်မှာစုရမယ်မှန်းမသိလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စုလို့ရအောင်ကူညီပေးတဲ့သဘော။ လက်ရှိ ခြံစောင့်တွေ မလာတာက မရှင်းချင်လို့ မလာတာလည်း ဖြစ်မယ်။ စာရွက်၊ စာတမ်းမခိုင်မာလို့ မလာတာလည်းဖြစ်မှာပေါ့"ဟု တာချီလိတ်မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိရရှိထားသည့် စာရင်းများမှာ မြေကွက်ဝယ်ယူထားသူများထဲမှ ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ နာမည်ပါသည့် အရောင်းအဝယ်စာချုပ်များကို စိစစ်လက်ခံနေခြင်းဖြစ်ပြီး စိုင်းထွန်းထွန်း၊ ဇော်ဝင်းထွန်း၊ ဦးစိုင်းစံ၊ ဦးယာကုတ်နှင့် ခြံစောင့်ဆိုသူများ ရောင်းချထားသည့် မြေကွက်များကို လက်ခံစာရင်းသွင်းထားခြင်းမရှိကြောင်း သိရသည်။

လက်ရှိစာရင်းလာပေးသူများတွင် အချို့မြေကွက်ဝယ်ယူထားသူများမှာ အကွက်အမှတ်များထပ်နေပြီး အကြိမ်ကြိမ်ပြန်လည် ရောင်းချထားသည်များကိုလည်းတွေ့ရကာ လက်ရှိတရားဝင်စာရင်းများအရ (၂၄၇) ကွက်ရှိနေကြောင်း သိရသည်။

Tachileik News Agency
သတင်း -  ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~