NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဆွေးနွေးပွဲကျင်းပနေ

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဆွေးနွေးပွဲကျင်းပနေ
ဒီဇင်ဘာ 2, 2019
By 🌸

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့မှ (၄)ရက်နေ့အထိ ကျင်းပနေသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၏ (၀၆/၂၀၁၉)အစည်းအဝေးကျင်းပခြင်းဖြစ်ပြီး NCA-S EAO များ လုပ်ငန်းလမ်းညွှန်များဆွေးနွေးမှုအပြင် လက်ရှိ မြန်မာနိုင်ငံရင်ဆိုင်နေရသည့် ICJ တွင် တရားစွဲဆိုခံရခြင်း ကိစ္စများနှင့် ပတ်သက်၍လည်း ဆွေးနွေးကြမည်ဟု သိရသည်။

“အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုခြင်းအား ရင်ဆိုင်ဖြေရှင်းရေးအတွက် အစိုးရနဲ့ တပ်မတော်ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာဟာ ဒီကိစ္စကို အစိုးရက တာဝန်ယူတယ်၊ တာဝန်ခံတယ်ဆိုတာကို  ပြသခြင်းပဲ ဖြစ်ပါတယ်။ တစ်ဖက်က သက်သေအထောက်အထား ခိုင်လုံမှုဘယ်လောက်အထိ ရှိတယ်ဆိုတာကိုလည်း ထည့်တွက်ဖို့ လိုအပ်ပါတယ်”ဟု RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

ပြည်တွင်းစစ်ဖြစ်ပွားရာဒေသများတွင် နှစ်ပေါင်းများစွာ လူ့အခွင့်အရေးချိုးဖေါက်ခံရမှုများကို ကုစားရန် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရမည်ဟုလည်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်ကို တွေ့ရသည်။
NCA လမ်းကြောင်းအရ ဆောင်ရွက်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ NCA ပြဌာန်းချက်အတိုင်း တသွေမတိမ်းလိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟုလည်း ထည့်သွင်းပြောကြားသွားသည်ကို တွေ့ရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး KNU၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA/PC ၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများဒီမိုကရက်တစ်တပ်ဦး ABSDF တို့က ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး  မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့က ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အစည်း၏ (၅) ကြိမ်မြောက် အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေး၊ တရားဝင် ဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ရေး၊ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ကျင်းပနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ -NCA-S EAO

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~