မိုင်းဆတ် နှင့် မိုင်းတုံမြို့တို့တွင် ကားနှင့်ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးပေးခြင်း နှင့် ဆိုင်ကယ်မောင်း လိုင်စင်များကို ဒီဇင်ဘာလ ၁၄ နှင့် ၁၅ရက်နေ့များ၌ ကွင်းဆင်းဆောင်ရွက်ပေးမည်

မိုင်းဆတ် နှင့် မိုင်းတုံမြို့တို့တွင် ကားနှင့်ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးပေးခြင်း နှင့် ဆိုင်ကယ်မောင်း လိုင်စင်များကို ဒီဇင်ဘာလ ၁၄ နှင့် ၁၅ရက်နေ့များ၌ ကွင်းဆင်းဆောင်ရွက်ပေးမည်
ဒီဇင်ဘာ 13, 2019
By Tachileik News Agency
မိုင်းဆတ် နှင့် မိုင်းတုံမြို့တို့တွင် ကားနှင့်ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးပေးခြင်း နှင့် ဆိုင်ကယ်မောင်း လိုင်စင်များကို   ဒီဇင်ဘာလ ၁၄ နှင့် ၁၅ရက်နေ့များ၌ ကွင်းဆင်းဆောင်ရွက်ပေးမည်

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်းမှ မိုင်းဆတ် နှင့် မိုင်းတုံမြို့တို့တွင်  မော်တော်ယာဉ်နှင့် ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးပေးခြင်းနှင့် ဆိုင်ကယ်မောင်း လိုင်စင်မရှိသူများအား ဆိုင်ကယ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးမှုအဖြစ်  ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)က ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ပေးမှုအဖြစ် မိုင်းတုံမြို့တွင် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်နေ့၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လည်းကောင်း၊ မိုင်းဆတ်မြို့တွင် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် အသစ်တွေ လုပ်ပေးမယ်။ ဆိုင်ကယ်သက်တမ်းတိုး၊ ကားသက်တမ်းတိုး လုပ်ပေးမယ်။ ဆိုင်ကယ်၊ ကားလိုင်စင်တော့ အသစ်လုပ်ပေးတာ မပါဘူး။ ကားမောင်းလိုင်စင် အသစ်လုပ်ချင်ရင် ပြည်နယ်ရုံးလာလုပ်ရမယ်။ ကွင်းဆင်းတဲ့အချိန်မှာ စစ်ဆေးခ (၂) ကြိမ်လျော့ပေးထားလို့ ကျပ် (၄၀၀၀) သက်သာမယ်"ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ စစ်ဆေးရေးမှူး(၂) ဦးအောင်မိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် ပြောသည်။

ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ပြုလုပ်လိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ လိုင်စင်ဓါတ်ပုံ (၃)ပုံနှင့်အတူ လာရောက်လုပ်ဆောင်နိုင်ပြီး အသက် (၁၈)နှစ်အောက်အတွက် ကျပ်တစ်သောင်းခွဲ၊ အသက် (၁၈)နှစ်အထက်အတွက် ကျပ်နှစ်သောင်းခွဲ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ကွင်းဆင်း၍ ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်ပေးချိန်များတွင် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,ဝဝဝ)၊ (က) လိုင်စင်ပြုလုပ်ပါက ကျပ် (၂၅,ဝဝဝ) ကျသင့်မည်ဖြစ်ပြီး ကွင်းဆင်းကာလမရှိသည့် နေ့များတွင် သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်ပြုလုပ်ပါက (က-၁) လိုင်စင်အတွက် ကျပ် (၁၉,ဝဝဝ)၊ (က) လိုင်စင်အတွက် ကျပ် (၂၉,ဝဝဝ) ကျသင့်မည်ဖြစ်ကြောင်း နှင့် ယခုလို သတ်မှတ်ချက်သည်  တစ်နိုင်ငံလုံးအတွက် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအား တာချီလိတ်ခရိုင် နှင့် ကျိုင်းတုံတို့တွင်သာ ဖွင့်လှစ်ထားခြင်းဖြစ်၍ တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်၊ မိုင်းဖြတ်၊  မိုင်းယောင်းနှင့် မိုင်းယု စသည့် မြို့များတွင် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ပေးပြီး  ကျိုင်းတုံ နှင့် မိုင်းဆတ်ခရိုင်အတွင်းကိုတော့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)က  ကွင်းဆင်းဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~